
မနေ့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ နဲ့ ၅ မိုင်ခန့် အကွာ ရှိ ခိုင်ကမ်းဆင်စခန်း ခေါ် အပန်းဖြေ စခန်းကို စစ်ကောင်စီတပ်မှ လေယာဉ် နဲ့ ဗုံးကြဲတဲ့ အတွက် အသက် ၁၆ နှစ် အရွယ် ဆင်ထိန်း လူငယ် တစ်ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း၊ အနီးရှိ ကွဲချောင်းကူး ကြိုးတံတားဟာ ပျက်စီးခြင်း မရှိကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။
“မနေ့က ညနေပိုင်းမှာ လေယာဉ် တစ်စီး ခိုင်ကမ်းမြို့ အထက်ဘက် ကို ပျံတက် သွားတာ တွေ့ရတယ်။ သိပ် မကြာဘူး၊ ပေါက်ကွဲသံတွေ ကြားရတယ်။ ဘယ်နားမှာ လဲတော့ မသိဘူး” လို့ ခိုင်ကမ်းမြို့ခံ တစ်ဦး က ပြောပါတယ်။
“ကလေးမြို့ သွားဖို့က ဂိတ် ပိတ်မယ့် အချိန် ဖြစ်တော့မှာ မို့ အလောင်း နဲ့ လူနာကို ပိမ်းပိ ရွာဘက် ပို့လာခဲ့တယ်။ အလောင်းကို ဇွန်လ ၂၃ ရက်နေ့ မနက်မှာ မြေမြှုပ် သဂြိုလ် လိုက် တယ်။ ဒဏ်ရာ ရတဲ့ အမျိုးသမီး က ခြေထောက်မှာ ကျည်စတွေ ကျန် နေတာမို့ ကလေးမြို့ ပြည်သူ့ ဆေးရုံကို ပို့ဖို့ ရွာသားတွေက ထမ်းစင် နဲ့ ကားလမ်း ကောင်းတဲ့ နေရာ အထိ လိုက်ပို့ ပေးနေ ကြပါတယ်” လို့ ဒေသခံ ရွာသား တစ်ဦး က ပြောပြပါတယ်။
သေဆုံးသူ လူငယ်ဟာ အလုပ်လုပ်ဖို့ တစ်ဦး တည်းထွက်လာ ခဲ့သူ ဖြစ်ပြီး လက်ရှိမှာ မိဘနှစ်ပါး နဲ့ ဆက်သွယ် ဖို့ ကြိုးစားပေမယ့် လိုင်း မရနိုင်ခဲ့ဘူး လို့လည်း ထပ်မံ သိရှိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေကြောင့် ကလေး-တီးတိန် ကွင်းလမ်း အနေနဲ့ အသုံးပြုတဲ့ လမ်းပေါ်ရှိ ကွဲချောင်းကူး ကြိုးတံတား ပျက်စီး သွားတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ခရီးသွား တစ်ဦး ကတော့ “တံတားတော့ ထိခိုက်မှု မရှိဘူး။ အသုံးပြုလို့ ရပါတယ်။ ကျွန်တော်ကိုယ်တိုင် ကြိုးတံတားကို ဖြတ်ပြီး ကလေးမြို့ကို ဆင်းလာခဲ့တာပါ” လို့ ပြောပြပါတယ်။
ချင်းတောင်ခြေရှိ အပန်းဖြေ စခန်း တစ်ခု ဖြစ်သည့် ခိုင်ကမ်းဆင်စခန်းဟာ ခိုင်ကမ်းမြို့ ကနေ ၅ မိုင်ခန့် အကွာ ဆည်ကြီးချောင်း ခေါ် ကွဲချောင်းကူး ကြိုးတံတား အနီးမှာ ရှိပြီး နိုင်ငံရေး ပဋိပက္ခ မဖြစ်ခင် အလည်အပတ် များခဲ့တဲ့ အထင်ကရ နေရာ တစ်ခု ဖြစ်ပါတယ်။
