

ဇွန်လ ၂၁ ရက်။
မကွေးတိုင်း ၊ ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းကို မနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နဲ့ လူ့ဘောင်သစ်တပ်မတော် ( NSA) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးတာ ဖမ်းမိတာတွေအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho က ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ငဖဲမြို့နယ် ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်လောက်မှာ CDF – Asho နဲ့ NSA တို့က ပူးပေါင်းပြီး ဝင်ရောက်စီးတိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာမှာ စစ်ကောင်စီတပ်သား အများအပြား စခန်းစွန့်ခွာထွက်ပြေးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁ဦး အရှင်ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့တယ်လို့လည်း CDF – Asho က ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း CDF – Asho ဘက်က တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီစခန်းကနေ MA အမျိုးအစား လက်နက်ငယ် ၅ လက်၊ BA 100 စိန်ပြောင်း (၁) လက် နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ရေး လုပ်ဆောင်စဉ် နတ်ရေကန် ဗျူဟာကန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးကိုလည်း ဇွန်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်တာအတွင်း နယ်မြေရှင်းလင်းရှာဖွေစဉ် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်း CDF – Asho က ထုတ်ပြန်ပါတယ်။
