
တီးတိန်မြို့နယ်မှာ ယခုနှစ်၂၀၂၅-၂၆ ပညာသင်နှစ်မှာအခြေခံပညာကျောင်းပေါင်း ၂၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းအပ်နှံတဲ့ကျောင်းသား ဦးရေ ၇၀၀၀ ကျော် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သည့် ဒေသခံများ ထံမှ သိရှိရပါတယ်။
“တီးတိန်မြို့နယ်မှာ ကျောင်းပေါင်း ၆၀ ကျော်က ဖွင့်လှစ် ဖို့ စာရင်း ပို့ထားတွေ့ရတယ်။ ကျောင်းသား/သူ ပေါင်း ၇ ထောင်ကျော် ရှိတယ်။ ဇွန်လ ၄ ရက်နေ့ အထိ ကျောင်းဖွင့်လှစ် သင်ကြား ပေးနိုင်တယ် လို့ စာရင်းပို့တဲ့ကျောင်း ပေါင်း နှစ် ဆယ် ကျော် ရှိတယ်။ လက်ရှိ ဖုန်းလိုင်း နှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ကြောင့် စာရင်း မပို့နိုင်သေးတဲ့ ကျောင်းတွေ ရှိတာလည်း တွေ့ရတယ်။”လို့ ပညာရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ဒေသခံ တစ်ဦး က Chin World Media ကိုပြောပါတယ်။
တီးတိန်မြို့ ပေါ်တွင် အထက (၁)၊ အထက (၂) နှင့် အထက (ခွဲ) ကျောင်း အပါ အဝင် ကျောင်း ၅ ခု ဖွင့်ထား နိုင်ပြီး လေသော့တန့် ရပ်ကွက် ကျောင်းကိုမူ ဖွင့်လှစ် နိုင်ခြင်း မရှိကြောင်း၊ ခိုင်ကမ်းမြို့ရှိ အထက ခိုင်ကမ်းကျောင်း လည်း ဖွင့်ထားကြောင်းပြီး တခြား ကျောင်းများ ဖွင့်လှစ် တက်ရောက်ခြင်း မရှိသေးကြောင်း အဆိုပါ ပညာရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ဒေသခံ တစ်ဦး ထံမှ ထပ်မံ သိရှိရပါတယ်။
“တီးတိန် အထက (၂) ကျောင်း ဖွင့်လှစ် နိုင်ဖို့ ကျနော်တို့ မိဘတွေ ကိုယ်တိုင် ကျောင်းဆောင်တွေ ပြုပြင် ပြီး ကျောင်း သန့်ရှင်းရေး ပါ လုပ်ပေး ခဲ့တယ်။ ကလေးတွေ ကျောင်းတက်နိုင်ဖို့ ကျနော်တို့ ဘက်က တတ်နိုင် သလောက် ပါဝင် လုပ်ခဲ့တာပါ” လို့ တီးတိန်မြို့နေ ကျောင်းသား မိဘ တစ်ဦး က Chin World Media ကိုပြောပါတယ်။
တီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပြုစုသော ဒေသဆိုင်ရာ အချက်အလက်များ အရ တီးတိန်မြို့နယ်တွင် အထက်တန်းကျောင်း (၁၆) ခု၊ ထက်ခွဲကျောင်း (၁၁)ခု၊ အလယ်တန်းကျောင်း (၃၅)ခု၊ လယ်ခွဲကျောင်း (၁၃)ခု၊ မူလတန်းလွန်ကျောင်း (၃၃)ခု နှင့် မူလတန်းကျောင်း (၄၃) ခု စုစုပေါင်း အခြေခံပညာ သင်ကျောင်း ပေါင်း (၁၅၁) ခု ရှိပြီး ၂၀၂၃-၂၄ ပညာသင်နှစ် ကျောင်းသားဦးရေ (၁၀,၉၃၂) ဦး ရှိတယ်လို့ ဖော်ပြ ထား ပါတယ်။