
ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာ နှောက်ယှက်ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ ပညာသင်ကြားမှု ကျောင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာတွေ လုံးဝ လုပ်မှာမဟုတ်သလို လုပ်တဲ့ဘယ်သူကိုမဆို အရေးယူမယ်လို့ CDF – Asho ကမေလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာဖြစ်ကာ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားဖို့ လိုအပ်လျှက်ရှိနေတာတွေ့ရတယ်လို့ CDF-Asho က ဆိုပါတယ်။
ဒါကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) စစ်ရေးလှုပ်ရှားရာ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသ ကျေးရွာတွေက အခြေခံပညာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ အခြေခံပညာကျောင်းဆရာ၊ ဆရာမတွေကို နှောက်ယှက်တာ ဖမ်းဆီးထိန်းသိမ်းတာတွေ နဲ့ ပညာသင်ကြားမှု ကျောင်းကိစ္စတွေမှာဝင်ရောက်စွက်ဖက်တာတွေကို လုပ်မှာမဟုတ်သလို လုပ်တဲ့သူတွေကိုလည်း တားမြစ်အရေးယူမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို စေတနာ ဝါသနာ အနစ်နာ (၃) ချက်ကို ခံယူအလေးထားပြီး လွတ်လပ်စွာသင်ကြားမှု ပြုလုပ်ပေးဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို က ဆိုပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို အနေနဲ့ စစ်ရေးနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုသာ အဓိက ဦးတည်တိုက်ခိုက်သလို စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုအရ စစ်ဘက်ဆိုင်ရာ တန်ဖိုးထားမှုမှာ ချင်းလူမျိုးနဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိခြင်း ဂုဏ်သိက္ခာရှိခြင်း ရဲရင့်မှုရှိခြင်း ရိုးသားမှုရှိခြင်းတွေအပေါ် အခြေခံလျှက် စစ်သည်တော်ကျင့်ဝတ်တွေနဲ့အတူ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာလျှက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။