Headlines

တီးတိန်မြို့နယ်မှာ ကော်ဖီစေ့ ဈေးကောင်း ရလာ၊ တောင်သူများကိုယ်တိုင်ကော်ဖီမှုန့်လုပ်ရောင်းချမှု များပြားလာ

မတ်လ ၁၄ ရက်။

တီးတိန်မြို့နယ်မှာ ယခုနှစ် ကော်ဖီစေ့

သိမ်းရာသီမှာ တောင်သူများ အနေဖြင့် အရင်နှစ်များ ထက် ဈေးကောင်း ရလာကြကြောင်း တောင်သူများ မှလည်း ကော်ဖီစေ့ကို ကိုယ်တိုင်လှော်ကာ ကော်ဖီမှုန့် ထုတ်လုပ် ရောင်းချမှုများ များလာကြောင်း တီးတိန်မြို့နယ် လိုင်ဘုံရွာရှိ ကော်ဖီစိုက် တောင်သူ တစ်ဦး ထံမှ သိရှိရပါတယ်။

“လက်ရှိမှာ ကော်ဖီစေ့ တစ်ပိဿာက ကျပ် ၁၅၀၀၀ ဈေး နှင့် ဝယ်ယူနေ ပါတယ်။ ၂၀၂၄ ခုနှစ်၊ မနှစ်ကပေါ့ တစ် ပိဿာ ကျပ် ၁၀၀၀၀ လောက် ဈေးပေါက်ခဲ့တယ်။ ၂၀၂၃ မှာတော့ တစ်ပိဿာ ကျပ် ၆ ထောင် လောက်ပဲ ပေါက်ခဲ့တယ်။ ၂၀၁၅ ချင်းတောင် ရေဘေး အလွန်မှာတော့ ဒီနှစ် အထွက် ကောင်းတယ် လို့ ပြောလို့ ရပါတယ်။ လတ်တလောမှာ အသစ် စိုက်ထားတဲ့ မသီးသေးတဲ့ ကော်ဖီခင်းက ပိုများတယ်လို့ ပြောလို့ ရတယ်” လို့ လိုင်ဘုံရွာမှ ကော်ဖီစိုက် တောင်သူက ပြောပြပါတယ်။

“ကျနော်တို့ ရွာဘက်မှာ ကော်ဖီစိုက်များတာက လိုင်ဘုံရွာ၊ ပိမ်းပိရွာ နှင့် တီးဗွာလ်းရွာ တွေ ဖြစ်တယ်။ ဖူနွမ်းရွာမှာ လည်း စိုက်ကြပေမယ့် စီးပွားဖြစ် စိုက်ပျိုးတာ နည်းတယ်။ ကိုယ်တိုင် စားသုံးဖို့ လောက်ပဲ စိုက်ကြတယ်။ ဒီနှစ်မှာတော့ သုံးရွာပေါင်းရင် ကော်ဖီစေ့ ပိဿာချိန် ၁၂၀၀ လောက် ထွက်မယ် လို့ ခန့်မှန်း ထား ပါတယ်” လို့လည်း ဒေသကော်ဖီ ထွက်ရှိမှု နှင့် ပတ်သက်ပြီး အဆိုပါ လိုင်ဘုံရွာတောင်သူမှ ဆက်လက် ပြောကြား ခဲ့ ပါတယ်။

ကော်ဖီစေ့ ကို ကုန်ကြမ်း အဖြစ် ရောင်းချတာထက် ဒေသ အတွင်း စာသုံးသူများ အတွက် ကော်ဖီမှုန့် အဖြစ် ထုတ်လုပ် ရောင်းချတာဟာ ပိုမို များပြား လာကြောင်း၊ ဒေသကော်ဖီမှုန့် ၇၀ ဂရမ် ရှိတဲ့ အထုပ် တစ်ထုပ်ကို ကျပ် ၃၀၀၀ ဖြင့် ရောင်းရ ကြောင်း၊ ကော်ဖီစေ့ တစ်ပိဿာလျှင် ကော်ဖီမှုန့် ၇၀၀ ဂရမ် ခန့် ရရှိနိုင်ကြောင်း၊ တောင်သူများ အတွက်ယင်း ကဲ့သို့ ကုန်ချော အဖြစ် တပိုင်တနိုင် ထုတ်လုပ်မှုသည် အလုပ်အကိုင် တစ်ခု ဖန်တီးရာ ရောက်ကြောင်း ယင်း တောင်သူထံမှသိရပါတယ်။

တီးတိန်မြို့နယ် အတွင်း စိုက်ပျိုးသော ကော်ဖီ အမျိုးအစား နှစ်မျိုး ရှိကြောင်း၊ Robuster လို့ ခေါ်တဲ့ coffeemix တွေ ထုတ်လုပ်ရာမှာ အသုံးပျိုးတဲ့ ကော်ဖီမျိုး နဲ့ Arabica လို့ ခေါ်တဲ့ ဖျော်သောက်တဲ့ ကော်ဖီမျိုး တို့ ဖြစ်ကြောင်း၊ ချင်းတောင်ရဲ့ အမြင့်ပေ ၄၀၀၀ ကျော် ဒေသတွေမှာ Arabica အမျိုးက စိုက်လို့ အကောင်းဆုံး ဖြစ်ကြောင်း ကိုယ်တိုင် ကော်ဖီစိုက်ပျိုးပြီး Akluai Café ကော်ဖီဆိုင် ဖွင့်သူ Grace Sian ၏ ပြောကြားချက် အရ သိရှိခဲ့ ရပါတယ်။

“ကော်ဖီ စိုက်ပျိုးမှု အများဆုံး နဲ့ အအောင်မြင်ဆုံး ဒေသလို့ ပြောရမယ် ဆိုရင် လိုင်ဘုံရွာကို ဘဲ ပြောရလိမ့်မယ်။ တစ်ရွာတည်းကနေ ကော်ဖီစေ့ ပိဿာချိန် ၃၀၀၀ အထိ ထွက်ခဲ့ ဖူးတယ်။ ၁၉၄၈ ခုနှစ် ကတည်းက ပြင်သစ် သာသနာပြု တွေ ဆီကနေ Arabica ကော်ဖီမျိုးကို ရရှိ စိုက်ပျိုးကြတယ်။ ၁၉၆၅ ဝန်းကျင်ဆိုရင် ရွာရဲ့ ကော်ဖီ အထွက်ဆုံး ကာလ၊ စီးပွား အဖြစ်ဆုံး ကာလလို့ ပြောလို့ ရတယ်။ ကော်ဖီစေ့ ရောင်းရငွေနဲ့ သွပ်မိုး အိမ် ဆောက် နိုင်တဲ့ အထိ စီးပွား ဖြစ်ဖူးတယ်။ ရှေ့မှီ နောက်မှီတွေ ပြောပြ ချက် အရ ကော်ဖီ ပင် တစ် ပင် ကနေ ကော်ဖီစေ့ ၈ ပိဿာ ခန့် ရတဲ့ အထိ ထွက်ခဲ့ ဖူးတယ် လို့ သိရတယ်” လို့ ကို Grace Sian မှ ဒေသအတွင်း ကော်ဖီ စိုက်ပျိုးမှု နောက်ခံများကို Chin World Media သို့ ပြောပြပါတယ်။

“၂၀၁၅ ရေဘေး ကြောင့် ကော်ဖီစိုက်ခင်း အတော်များများ ပျက်စီးခဲ့တယ်။ ပြီးတော့ Arabica အပင်တွေကို ထိန်းသိမ်းတဲ့ နေရာမှာ အားနည်းချက်တွေ များတော့ ပြန်လည် ပြုပြင် ဖို့ ခက်ခဲ လာတယ်။ လတ်တလော မှာ Arabica မျိုးကို အသစ် ပြန်လည် စိုက်ပျိုး နေပါတယ်။ ဘယ်လို ထိန်းသိမ်း ရမယ်၊ ဘယ်လို ကိုင်းဖြတ်ရမယ် ဆိုတဲ့ နည်းပညာတွေ အများကြီး လိုအပ် လာလိမ့်မယ်” လို့ လက်ရှိ ကော်ဖီ စိုက်ပျိုးမှု နှင့် လိုအပ်ချက်ကို Grace Sian မှ ဆက်လက် ပြောပြပါတယ်။

“ဒေသထွက် Arabica ကော်ဖီရဲ့ အရသာ ကို မြည်းစမ်း ချင်တယ် ဆိုရင်တော့ ကလေးမြို့ ကနေ တီးတိန်မြို့ဘက် ခရီးထွက်ခဲ့ရင် Akluai Café မှာ ခရီးတထောက်နား ပြီး သောက်လို့ ရပါတယ်။ ကော်ဖီမှုန့်တွေလည်း ဝယ်ယူ အားပေးလို့ ရတယ်။ Akluai Café က ဒေသထွက် ကော်ဖီ‌စေ့ ကို ဒေသက ကုန်ချော ထုတ်လုပ်လိုက်တဲ့ ကော်ဖီ စစ်စစ် ရနိုင်တဲ့ နေရာပဲ” လို့လည်း Ko Grace Sian က ညွှန်းဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *