
မတ်လ ၁၁ ရက်။
အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိကာ ချင်းလူမျိုးတွေအများအပြားနေထိုင်တဲ့တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ (Kabaw Valley) ကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့ မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba က မနေ့မတ်လ ၁၀ ရက်နေ့ကကျင်းပတဲ့ အိန္ဒိယအထက်လွှတ်တော်(Rajya Sabha ) အစည်းအဝေးမှာ အိန္ဒိယအစိုးရကို အဆိုတင်သွင်းခဲ့ပါတယ်။
၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီမှု နဲ့ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ် (Treaty of Yandaboo) အရ သတ်မှတ်ထားတဲ့ လျော်ကြေးကို မြန်မာနိုင်ငံအား ဆက်လက်ပေးချေစေခြင်း ဒါမှမဟုတ် လက်ရှိမြန်မာနိုင်ငံပိုင်နက်ထဲ ရှိနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသ ကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲကို ထည့်သွင်းဖို့မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba ကအိန္ဒိယ ဗဟိုအစိုးရကို မတ်လ ၁၀ ရက်နေ့ က ပါလီမန် အထက်လွတ်တော် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
အမတ် Sanajaoba က “ ကဘော်ချိုင့်ဝှမ်းဒေသဟာ ၂၂.၂၁၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၁၄၅၀ ခုနှစ်ကတည်းက မဏိပူရ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ မဏိပူရ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိခဲ့ကြောင်း၊၁၉၅၃ ခုနှစ် မတ်လ ၃ ရက်နေ့မှာ အိန္ဒိယရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာလ်နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုနဲ့ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရ်ပြည်နယ်အစိုးရနဲ့ တိုင်ပင်မှုမရှိဘဲ မြန်မာနိုင်ငံထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း၊အခုလိုပေးအပ်ခဲ့တဲ့ ဂျဝါဟာလာလ်နေရူးရဲ့ လုပ်ရပ်ဟာ မဏိပူရ်ပြည်နယ်ရဲ့ သမိုင်းမှာအမှောင်ဆုံးအချိန် “လို့ လွှတ်တော်မှာ စွတ်စွဲပြောဆိုပါတယ်။
နေရူးရဲ့လုပ်ရပ်ကို “သမိုင်းဝင် အမှားကြီးတစ်ခု” လို့ သူက ခေါ်ဆိုပြီး မဏိပူရ်ပြည်သူများကလည်း ဒီလုပ်ရပ်အတွက် နေရူးနဲ့ ကွန်ဂရက်ပါတီကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ကြောင်း ပြောဆိုပြီးကဘော်ချိုင့်ဝှမ်းဒေသ ပြန်လည်သိမ်းယူဖို့ ဒါမှမဟုတ် ၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်းဒေသ သဘောတူညီချက်အရ မြန်မာနိုင်ငံက မဏိပူရ်ဘုရင်ခံကို လစဉ် ရူပီးငွေ ၅၀၀ ကို လျော်ကြေးငွေအဖြစ် ပေးဆောင်ရန် သဘောတူထားခဲ့ကြကြောင်း၊မြန်မာဘက်က လျော်ကြေးငွေတွေကို ဆက်လက်ပေးချေနိုင်ဖို့ ကြားဝင်စေ့စပ်တာတွေလုပ်ဆောင်ပေးဖို့ မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba က အိန္ဒိယအထက်လွှတ်တော်မှာ အိန္ဒိယအစိုးရကိုအဆိုတင်သွင်းခဲ့ပါတယ်။
