Headlines

ပလက်ဝဒေသခံ သူနာပြုဆေးဆရာမတွေ ဆေးရောင်းခွင့်၊ ကုသခွင့်တွေကို AA ကတားမြစ်ပိတ်ပင်လာတယ်လို့ ဒေသခံတွေဆီကနေ သိရ

မတ်လ ၆ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပလက်ဝဒေသခံ သူနာပြုဆေးဆရာမတွေကို ဆေးရောင်းခွင့် နဲ့ ကုသခွင့်တွေကို အာရက္ခတပ်တော် (AA)က တားမြစ်ပိတ်ပင်တာတွေ လုပ်နေတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးပြောတာက “အခုပလက်ဝဘက်မှာ အိန္ဒိယဘက်တို့ ရန်ကုန်၊ ဟားခါး စတဲ့တခြားဒေသဖက်တွေ မထွက်ပြေးနိုင်တဲ့ ဆေးဆရာ၊ ဆရာမတွေကိုတောင် ဆေးရောင်းပိုင်ခွင့်တွေ အကုန်လုံးတားမြစ်တာတို့ အခုတောက်လျောက်လုပ်နေတယ် ဒီလိုတွေဖြစ်တော့ ကျနော်တို့လည်း နားမလည်နိုင်ဘူးဖြစ်နေတယ်။ အခုတလောကဘဲ ပလက်ဝအထက်ပိုင်း မီးဇာဘက်က ဆေးဆရာမတို့ ပလက်ဝမြို့က ဆေးဆရာမတွေ ပြောပြချက်အရ ဆေးကုသဖို့ သူတို့ဆီအကုန်လာရမယ် ခင်ဗျားတို့ ငါတို့ခွင့်ပြုချက်မရဘဲ မကုရဆိုတဲ့ဟာမျိုးတွေရှိလာတယ် ဒီဘက်ကျနော်တို့ဘက်ကို ဆက်သွယ်လာတဲ့သူတွေရှိတယ် ဘာကြောင့်ဆေးကုသခွင့်မပေးတာလဲဆိုတာ ေသချာနားမလည်ရသေးဘူး ကျနော်တို့ကို တဖြည်းဖြည်းမောင်းထုတ်တယ်လို့ ခံစားရတာပေါ့” လို့ပြောပါတယ်။

အခုလို သူနာပြုဆေးဆရာမတွေ ဆေးရောင်းခွင့်ပိတ်တာဟာ CDF – Paletwah တပ်သားတွေဆီ ဆေးပံ့ပိုးမှာ မလိုလားတာတွေကြောင့် အခုလိုတားမြစ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

“ဆေးဆရာမလေးတွေရှိလို့ရှိရင် CDF – ပလက်ဝ တို့ကို ဆေးပံ့ပိုးနိုင်တယ်ဆိုတဲ့ အယူအဆတွေရှိနိုင်ခြေတော့ များတာပေါ့ ဘာလို့လည်းဆိုရင် CDF – ပလက်ဝနဲ့ CNA ဆက်နွယ်တဲ့သူမှန်သမျှကို ဖမ်းဆီးတာတွေ တောက်လျောက်လုပ်နေတာဆိုတော့လေ ဒီဟာကြောင့်ဘဲဖြစ်နိုင်တယ်လို့ ထင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *