
မတ်လ ၃ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို နိုင်ငံရပ်ခြားကနေ ရောက်ရှိနေထိုင်လာတဲ့ လူငယ်များ မီဇိုရမ်ပြည်နယ်အတွင်း တရားဝင်အလုပ်လုပ်နိုင်ခွင့်၊မီဇိုလူငယ်များကို ပြည်တွင်းအပါအဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံခြားသို့စေလွှတ်ရာမှာ ဥပဒေနဲ့အညီ ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ထိန်းညှိပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို ဒီကနေ့ မတ်လ ၃ ရက်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပြီဖြစ်ပြီး (၆) ရက်နေ့မှာ စတင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အလုပ်အကိုင်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့စွန့်ဦးတီထွင်ရေးဆိုင်ရာဝန်ကြီး Lalnginglova Hmar က ၂၀၂၅ ခုနှစ် မီဇိုရမ်ပုဂ္ဂလိကလုပ်ငန်း နေရာချထားရေးအေဂျင်စီများဆိုင်ရာ နည်းဥပဒေကြမ်း ကို လွှတ်တော်မှာတင်သွင်းလိုက်တာဖြစ်တယ်လို့ Northeast Today မီဒီယာမှာဖော်ပြပါတယ်။
အဆိုပါဥပဒေကြမ်းတင်သွင်းရခြင်းရရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ ပြည်တွင်းအပါအဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများအတွက် လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဥပဒေကြမ်းအရ ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေနဲ့ မီဇိုရမ်ပြည်နယ်ပြင်ပသို့ အလုပ်လုပ်ကိုင်လိုတဲ့လူငယ်များကို မစေလွှတ်မီ ပြည်နယ်အစိုးရဆီ အရင်ဆုံးမှတ်ပုံတင်ပြီး အလုပ်သမားလိုင်စင်ရယူရမယ်ဆိုတဲ့ အချက်တွေလည်းပါဝင်ပါတယ်။ အဲဒီအပြင် နိုင်ငံရပ်ခြားကနေ မီဇိုရမ်ပြည်နယ်တွင်းမှာ ရောက်ရှိနေထိုင်လာတဲ့ လူငယ်များ မီဇိုရမ်ပြည်နယ်အတွင်း တရားဝင်အလုပ်လုပ်နိုင်ဖို့ အချက်တွေလည်းပါဝင်ပါတယ်။
မီဇိုရမ်ပြည်နယ်တွင်းက အမျိုးသမီးများကို နိုင်ငံရပ်ခြားဖြစ်တဲ့ ဆီးရီးယား နဲ့ ယူအေအီးနိုင်ငံတွေမှာ အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်ဖို့တရားမဝင်ပို့ဆောင်မှုတွေကြောင့် တရားဥပဒေဆိုင်ရာ ပြသနာများရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့ နှစ်အတွင်းမှာလည်း မီဇိုရမ်အစိုးရအနေနဲ့ ဆီးရီးယားနဲ့ အခြားအာရပ်နိုင်ငံများကို တရားမဝင် ပို့ဆောင်ခံရတဲ့ အိမ်ဖော်အမျိုးသမီး အများအပြားကို ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။
ယခင် မီဇိုရမ် ပုဂ္ဂလိက နေရာချထားရေးဆိုင်ရာ နည်းဥပဒေဟာ အိန္ဒိယနိုင်ငံအတွင်း၌သာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်ခွင့်အတွက်သာခွင့်ပြုခဲ့တာဖြစ်ပြီး အခုတင်သွင်းတဲ့ ဥပဒေကြမ်းဟာ အိန္ဒိယနိုင်ငံအတွင်းအပါအဝင် နိုင်ငံရပ်ခြားကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ အတွက်ပါအကျုံးဝင်မှာဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၃) ရက်နေ့မှာ အားကစားနဲ့လူငယ်ဝန်ဆောင်မှုများ၊ ယစ်မျိုးနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနများကို ကြီးကြပ်တဲ့ Hmar အနေနဲ့လည်း မီဇိုရမ်လူငယ်ကော်မရှင်ဥပဒေကြမ်း (၂၀၂၅) ကို တင်သွင်းခဲ့ပြီး မတ်လ (၆) ရက်နေ့မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဆိုပါဥပဒေကြမ်းမှာ မီဇိုရမ်ပြည်တွင်းထွက် သစ်သီး၀လံနဲ့ အစေ့အဆန်များကို အသုံးပြုပြီး ၀ိုင်နဲ့ ဘီယာများထုတ်လုပ်ရောင်းချခြင်းကို တားမြစ်တဲ့ ဥပဒေကို ပြင်ဆင်တဲ့အချက်တွေပါဝင်တယ်လို့ သိရပါတယ်။