
မတ်လ ၃ ရက်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် Kuki – Zo အဖွဲ့က အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်ရှိ ကူကီးလူမျိုးစုများအနေနဲ့ သမိုင်းစဉ်ဆက်ဖိနှိပ်ချုပ်ချယ်ခြင်းခံနေရတဲ့အတွက် နိုင်ငံရေးအရ အဖြေရှာပေးရန်အရေးတစ်ကြီးလိုအပ်ပြီး ကူကီး-ဇို လူမျိုးစုများအတွက် သီးခြားနယ်မြေသတ်မှတ်ပေးရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ထံ လိပ်မူစာပေးပို့တယ်လို့ အိန္ဒိယအခြေစိုက် Business Standard မီဒီယာက မတ်လ (၃) ရက်နေ့မှာဖော်ပြပါတယ်။
နယူးဒေလီအခြေစိုက် ကူကီးကျောင်းသားများအဖွဲ့၊ နယူးဒေလီအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် Kuki-Zo women forum Dehli တို့ က မတ်လ (၁) ရက်နေ့မှာလည်း နယူးဒေလီမြို့တော်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မဏိပူရ်ပြည်နယ်အတွင်း ကူကီး-ဇို လူမျိုးစုများအတွက် သီးခြားနယ်နိမိတ် သတ်မှတ်ပေးရန် အဓိက ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
၎င်းတို့ရဲ့တောင်းဆိုချက်တွင် ကူကီး-ဇိုလူမျိုးစုများအနေနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည် နယ်ဖြစ်တဲ့ မဏိပူရ်ပြည်နယ်ပဋိပက္ခနဲ့ အကြပ်အတည်းကို ကောင်းမွန်စွာ မဖြေရှင်းပါက အိန္ဒိယနိုင်ငံရဲ့ နေရာပေါင်းစုံမှာရှိတဲ့ ကူကီး-ဇိုလူမျိုးစုများအနေနဲ့ မိမိအရပ်ဒေသကို ပြန်ရန်ပင်အခက်အခဲရှိမှာဖြစ်တယ်လို့ ပါရှိပါတယ်။
ထို့အပြင် မဏိပူရ်ပြည်နယ်အတွင်း ကူကီး -ဇို လူမျိုးစုများနေထိုင်ရာနယ်မြေသတ်မှတ်ပြီး ဥပဒေပြုလွှတ်တော်ထားရှိပေးကာ သီးခြားအုပ်ချုပ်ခွင့်နယ်မြေအဖြစ်သတ်မှတ်ပေးရန်လည်း တောင်းဆိုချက်မှာပါရှိပါတယ်။
ဆန္ဒပြသူတစ်ဦးက “ မဏိပူရ်ပြည်နယ်တွင်းမှာ ကျွန်တော်တို့လူမျိုးစုဟာ သမိုင်းစဉ်ဆက် မတရားမှုနဲ့ ခွဲခြားဆက်ဆံမှုအောက်မှာ ကြံ့ကြံ့ခိုင်အောင်နေလာခဲ့ပြီးပြီ။ မဏိပူရ်ပြည်နယ်တွင်းက လူ့အဖွဲ့အစည်းအရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ အရေးကြီးလိုအပ်နေပြီ” လို့ပြောပါတယ်။
၂၀၂၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မဏိပူရ်ပြည်နယ်အတွင်း ကူကီး -ဇို လူမျိုးစုများနဲ့ ကသည်းလူမျိုးများအကြား လူမျိုးရေးအကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ ရာထက်မနည်းသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးများအပါအဝင် လူနေအိမ် ထောင်ချီမီးလောင်ခဲ့ရပါတယ်။


