
ဖေဖော်ဝါရီလ ၂၃ ရက်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့နေ့လည် ၁ နာရီခွဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ အင်အား (၁၀၀) ကျော်ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ် – အရှို(CDF -–Asho) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကာ CDF –Asho ဘက်ကလည်း ၁ ဦးကျဆုံးခဲ့တယ်လို့ CDF –Asho က ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ စစ်ကောင်စီအင်အား (၁၀၀) ကျော်ခန့်ပါ ယာဉ်တန်း ၄ စီးကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ သုံးထောင်ခန့်အကွာ နတ်ရေကန်လမ်းဟောင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီယာဉ်၁ စီးမီးလောင်ကျွမ်းပျက်စီးခဲ့သလို စစ်ကောင်စီဘက်က ၇ ဦးပွဲချင်းပြီးသေဆုံးပြီး အထိအခိုက်ဒဏ်ရာရသူလည်း များခဲ့ပြီး လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း၊စစ်ကောင်စီယာဉ်တွေကို CDF –Asho ဘက်က ရှင်းလင်းရေးဆောင်ရွက်စဉ် CDF –Asho ဘက်ကရဲဘော် (၁) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့လည်း CDF –Asho တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို(CDF -–Asho)ဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အခြေစိုက်ကာစစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
လက်ရှိမှာလည်း မကွေး – ရခိုင်နယ်စပ်နားရှိ စစ်ကောင်စီစခန်းတွေနဲ့ စစ်ကောင်စီအင်အားဖြည့်တင်းမှုတွေကို CDF -–Ashoနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်နေကြောင်းကိုလည်း သိရပါတယ်။
