ဖေဖော်ဝါရီလ ၃ ရက်။
လုံခြုံရေးအရ မော်တော်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကနေ ၁၀ ဘီးကားနဲ့အထက် မော်တော်ယာဉ်ကြီးတွေကလွဲရင် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ရပြီလို့ Falam Regional Committee က ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ သွားလာနေကြတဲ့ ခရီးသွားမိဘပြည်သူတွေအနေနဲ့ (၁၀) ဘီးနှင့် အထက်ကားကြီးတွေကလွဲရင် Skat ကား၊ Forland ကား၊ Haimual ကား၊ အိမ်စီးကားတွေနဲ့ ၆ ဘီးကားတွေအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်တယ်လို့ Falam Regional Committee က အသိပေးထားပါတယ်။
Falam Regional Committee က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ စစ်ရေးအခြေအနေတွေအရ ဖလမ်းမြို့တွင်းကို ယာဉ်ကြီး/ ယဉ်ငယ်တွေ ဖြတ်သန်းသွားလာခင့် မပြုဖို့ တားမြစ်ထားသလို လုံခြုံရေးအခြေအရေးအခြေအနေကြောင့် ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ Skat ကား၊ Forland ကား၊ ၆ ဘီးကားတွေ ၊ ၁၀ ဘီးကားနဲ့ ၁၂ ဘီးကားတွေ ဖြတ်သန်းသွားလာခွင့် မပြုဖို့ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကစလို့ တားမြစ်ခဲ့ပါတယ်။
ဖလမ်းမြီု့ကို သိမ်းပိုက်နိုင်ဖို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေကာ ဖလမ်းမြို့ထဲက စစ်ကောင်စီ အထိုင်ချစခန်း၊ ရဲစခန်းတွေ အားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံး ကျန်နေသေးတဲ့ ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။