ဇန်န၀ါရီလ ၈ ရက်။
ဂျပန်နိုင်ငံမှာ ဇန်န၀ါရီလ ၅ ရက်က ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် သွားတဲ့ အသက် ၂၂ နှစ်အရွယ် Lia Dim Sian Muang Thaw (ခ) Nari ရဲ့ စျာပနဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်ကို Oita, Beppu မြို့ရှိ Beppu International Baptist Church ဘုရားကျောင်းမှာ ဇန်နဝါရီလ ၈ ရက်နေ့ ဒေသ စံတော်ချိန် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့ပြီး ဝတ်ပြုကိုးကွယ်မှု အပြီးမှာ မီးသင်္ဂြိုလ် သွားခဲ့တယ် လို့ ကွယ်လွန်သူရဲ့ ဆွေမျိုး အသိုင်းအဝိုင်း ထံမှ သိရှိရပါတယ်။
ကွယ်လွန်သူ Lia Nari @ Dim Sian Muang Thaw ဟာ ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိ Asia Pacific University မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) ဒုတိယနှစ် တက်နေသူ ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၁၂: ၉ မိနစ် (သန်းခေါင်) နာရီမှာ သူငယ်ချင်းများ နဲ့ ဆိုင်ကယ်ဖြင့် ဈေးဝယ် ထွက်စဉ် သူမ စီးတဲ့ ဆိုင်ကယ်ကို ကားတစီးက အနောက်ကနေ တိုက်ခဲ့လို့ နေရာမှာပင် ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ ပါတယ်။
Lia Nari ဟာ ၂၀၁၇ ခုနှစ်တွင် သင်္ချာ၊ ဓာတု၊ ဇီဝ သုံးဘာသာ ဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ပြင်သစ် ဘာသာ အထူးပြု ပညာဆည်းပူးရာ မှ ၂၀၂၃ ခုနှစ်မှာ ဂျပန်နိုင်ငံ Oita, Beppu မြို့ရှိ Asia Pacific University (APU) တွင် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို ဆက်လက် သင်ယူခဲ့သူ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၂ နှစ် ရှိပြီ ဖြစ်ပါတယ်။
“ဈာပန အစီအစဉ် အားလုံးကို Rev Maung Maung Thant တို့ လင်မယား ကို လွှဲ ပေး ခဲ့ရတယ်။ မိဘ နှစ်ပါး က မလိုက်နိုင်ဘူး။ UAE မှာ ရှိတဲ့ သူ အဒေါ်ကြီး လည်း ရောက် နိုင်ခဲ့တယ်။ ဂျပန်မှာ ရှိတဲ့ Siyin မိသားစု၊ Zomi မိသားစု နှင့် Zomi Christian Church တို့ကနေလည်း ရောက်လာ ကြပါတယ်။ လာရောက် နှစ်သိမ့် ပေးသူ အားလုံး အပေါ် အထူး ကျေးဇူး တင် ရှိပါတယ်” လို့ Lia Nari ရဲ့ အဒေါ် အရင်း တစ်ဦး မှ Chin World Media ကို ပြောကြားပါတယ်။
Lia Nari @ Dim Sian Muang Thaw ရဲ့ အရိုးပြာကို မြန်မာပြည်သို့ သယ်ဆောင် သွားမည် ဖြစ်ပြီး ပို့ပေး နိုင်မယ့် အချိန်ကို မသိရှိရ သေးဘူး လို့ မိသားစု အသိုင်းအဝိုင်း မှ သိရှိခဲ့ရ ပါတယ်။
ကွယ်လွန်သူ Lia Dim Thian Muang Thaw ဟာ အသက် ၂၂ နှစ် ရှိကာ ရန်ကုန်မြို့နေ Pa Dennis Thaw Zin Naing နှင့် Nu Khup Dawn Cing တို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်တယ် လို့လည်း သိရပါတယ်။