Headlines

ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ

နိုဝင်ဘာလ ၁၁ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF )အကြားတိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ရေးအခြေအနေ သိရှိတဲ့ဒေသခံတစ်ဦးပြောတာက “ လက်ရှိမြို့တွင်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ခလရ ၂၆၈ ကို မရသေးဘူး တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ နောက်ပြီး မြို့တွင်းမှာ ကျန်တဲ့ဟာတွေလည်း မရှိတော့ပါဘူး” လို့ပြောပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပြီး စစ်ကောင်စီဘက်ကလည်းအပြင်းအထန် ခုခံနေတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့အနီးနားရွာမှာ စစ်ဘေးရှောင်နေတဲ့ ဖလမ်းဒေသခံတစ်ဦးပြောတာက “ လက်ရှိထိ ပစ်ခတ်သံတွေဆက်ရှိနေတယ်။ မနေ့ညနေပိုင်းလောက်မှာဆိုရင် လေယာဉ်နဲ့ဗုံးကြဲတာမျိုးရှိခဲ့တယ်။ ဒီနေ့လည်း ဘယ်လိုဖြစ်မလဲမသိရသေးဘူး။ မြို့ခံအားလုံးနီးပါးကတော့ ထွက်ပြေးကြမှာပါဘဲ ဒါပေမယ့် လုံခြုံမယ်ထင်တဲ့ နေရာကတချို့မှာတော့ ကျန်ကောင်းကျန်နိုင်ပါတယ် လက်ရှိမြို့တွင်းဝင်လို့လည်း မရသေးတော့ အတိအကျမသိသေးဘူး” လို့ပြောပါတယ်။

လူဦးရေ ၁ သောင်းဝန်းကျင်နေထိုင်တဲ့ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၈ ရက်အထိ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိလာတဲ့နောက်ပိုင်း ဖလမ်းမြို့ကဒေသခံတွေဟာ အိန္ဒိယနိုင်ငံ နဲ့ ကလေးမြို့ဘက်တွေကို မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *