နိုဝင်ဘာလ ၁ ရက်။
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်က နေအိမ် အလုံး (၃၀) ကို ပြီးခဲ့တဲ့ အောက်တိုဘာတစ်လတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းတိုက်ခိုက်မှုလည်း (၇၇) ကြိမ်လုပ်ခဲ့တယ်လို့ CDF – Mindat က ဒီကနေ့နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ အနောက်ရပ်ကွက်က အရပ်သားနေအိမ် ၂၈ လုံးနဲ့ အရှေ့ပြင်ရပ်ကွက်က နေအိမ် ၂ လုံး စုစုပေါင်း အိမ်အလုံးပေါင်း ၃၀ ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF – Mindat က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးခဲ့ရတယ်လို့လည်း CDF – Mindat ကထုတ်ပြန်ထားပါတယ်။
စစ်ရေးအခြေအနေတင်းမာနေတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုန်းကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ အပြင် အရပ်သားပြည် နေအိမ်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးတာတွေကို ပြီးခဲ့တဲ့သြဂုတ်လကစပြီး ဒီကနေ့အချိန်ထိ နေ့စဉ်လိုလို လုပ်နေတာလည်း ဖြစ်ပါတယ်။