Headlines

မင်းတပ်နဲ့ကန်ပက်လက်ကို အင်အား ၂ ထောင်ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အောင်မြင်စွာ ခုခံဟန့်တားနေတယ်လို့ CPU ထုတ်ပြန်

ဇွန်လ ၄ ရက်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၂ ထောင်ဝန်းကျင်ကို ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ပြီး အခြေအနေမကောင်းတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ်ပေါင်းများစွာ လုပ်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်သူ့အစည်းအရုံး(CPU)ထိန်းချုပ်နယ်မြေဖြစ်တဲ့ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် အင်အား ၂ ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်သူ့တပ်မတော်နှင့်မဟာမိတ်ပူးပေါင်းတပ်များအကြား မေလ လယ်ဝန်းကျင်လောက်ကနေ စလို့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့လည်း CPU က ဆိုပါတယ်။

ဒီတိုက်ပွဲသတင်းတွေနဲ့ ပက်သက်ပြီး သင်းအမှား၊ ကောလာဟလသတင်းတွေ အတည်မပြုနိုင်တဲ့ သတင်းအမှားတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေပြီး သတင်းမှားတွေကြောင့် အများပြည်သူ စိုးရိမ်ထိတ်လန့်စေသလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်စေတယ်လို့ CPU က ထုတ်ပြန်သတိပေးထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင်ရေမြေတောတောင်တွေကို အစွမ်းကုန်ကာကွယ်သွားမှာဖြစ်သလို အခုလို ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတွန်းလှန်မောင်းထုတ်ရာမှာလည်း ပြည်သူများအနေဖြင့် ကျရာကဏ္ဍအသီးသီးမှ မိမိတို့တတ်စွမ်းသည့်အလျောက် တတပ်တအား အားပေးကူညီ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းထားပါတယ်။

အင်အား ၂ ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို မေလ လယ်ဝန်းကျင်ကနေ ဒီကနေ့ချိန်အထိ အောင်မြင်စွာ ခုခံဟန့်တားထားပြီး စစ်မြေပြင် အခြေအနေမကောင်းတဲ့ စစ်ကောင်စီကတော့ တိုက်လေယာဉ် Y 12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ CPU က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *