
ဇန်နဝါရီလ ၂၈ ရက်။
မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ့်အချိန်ကြိုတင်အသိပေးမယ်လို့ ZFU/PDF-Zoland တပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်မှာထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်း တီးတိန်မြို့ကို ပြန်လာသူများပြားလာကြောင်း မြို့ခံပြည်သူတစ်ဦးက Chin World Media ကိုပြောပြပါတယ်။
“တီးတိန်မြို့ကို ပြန်လာကြတာ အချက် ၃ ချက် ကြောင့် လို့ ပြောလို့ရတယ်။ စစ်ရှောင်တဲ့ နေရာမှာနေမှုထိုင်မှု နှင့် အလုပ်အကိုင် အဆင်မပြေလို့ရယ်၊ ကျောင်းတက်နေတဲ့ ကလေးတွေ စာမေးပွဲ ဖြေဆိုပြီး အတန်းတက်စေချင် ကြလို့ရယ်၊ ZFU ကနေလည်း တိုက်ပွဲ ဖော်ဆောင်မယ့် အချိန်မှာ ကြိုတင် အသိပေးမယ်လို့ပြောထား တာ ကြောင့် ရယ်၊ စတဲ့ အချက်တွေကြောင့် လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်” လို့ တီးတိန်မြို့ခံ ပြည်သူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့ လိုမျိုး ကြိုတင် မသိရှိဘဲ မြို့တွင်း တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ကစပြီး တီးတိန်မြို့နေ ပြည်သူ အများအပြားဟာ အိမ်ပစ္စည်းများနှင့်အတူ ကြိုတင်ရွေ့ပြောင်းခြင်း၊သက်ကြီးရွယ်အိုများကိုလုံခြုံရာသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
“အစကတည်း က စိုးရိမ်နေကြတဲ့ ပြည်သူတွေက Tedim Township Council/ PDA-Tedim က မြို့သိမ်း တိုက်ပွဲကို ဖော်ဆောင် မှာမို့ လူထုတွေ ပြင်ဆင် နိုင်ဖို့ အသိပေးတဲ့ ထုတ်ပြန်ချက် ကြောင့်လည်း မြို့ကို စွန့်ခွာတဲ့ တီးတိန်မြို့ခံတွေ ပိုမို များပြား ခဲ့ရတယ်။ အခုတော့ အခြေအနေ အသီးသီး ပြန် တည်ငြိမ်လာတော့ တီးတိန်မြို့ ပြန်လာသူ များပြားလာတာ ဖြစ်လိမ့်မယ်” လို့လည်း ၄င်း တီးတိန်မြို့ခံမှ သုံးသပ်ပါတယ်။
လက်ရှိမှာတော့ တီးတိန်မြို့ကို သက်ကြီးရွယ်အို အများစု ဟာ ပြန်လာ နိုင်ခြင်းမရှိသေးကြောင်း၊ စာသင်ကျောင်းများ ပုံမှန် ဖွင့်လှစ် တက်ရောက် နေကြောင်း၊ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း မြို့ထဲမှာလက်နက်ကြီးငယ် ပစ်ခတ် တာမျိုး မရှိကြောင်း ဆက်လက် သိရှိရပါတယ်။