
ဇန်နဝါရီလ ၂၃ ရက် ။
အာရက္ခတပ်တော်(AA )သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကပြုလုပ်တဲ့ Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ပွဲမှာ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက် က အခုလို ပြောခဲ့တာလည်းဖြစ်ပါတယ်။
ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက်က “အရင်က ကောလဟာလတွေတော့ထွက်ပါတယ် ပလက်ဝမှာချင်းတွေနေတဲ့ရွာတွေမှာ ရခိုင်စာသင်မယ်ဆိုတာမျိုးတွေထွက်ပါတယ် တကယ်မြေပြင်မှာတော့ မဟုတ်ပါဘူး ရခိုင်နဲ့ကျနော်တို့ချင်းညီအကိုတွေ ပေါင်းနေတာတွေရှိပါတယ် အဲဒီလိုပေါင်းနေတဲ့ ရွာတွေမှာဆိုရင်တော့ သူတို့ကတော့ ရခိုင်စာတွေ အဲဒီသီချင်းတွေ ဆိုတာတွေတော့ရှိတဲ့အချိန်မှာ တချို့သောအဲဒီမှာရှိတဲ့ဟာတွေက အဲလိုမျိုး သတင်းတွေကိုပေါ့လေ ကြားရတဲ့ဟာတွေ ရှိကောင်းရှိနိုင်ပါတယ် အရင်ကဆိုရင် တချို့ရွာတွေက ကျနော်တို့ကို သတင်းပို့တာတွေရှိပါတယ် အဲဒီရွာမှာ စာပေတွေသင်တဲ့အချိန်မှာ ရခိုင််စာနဲ့ ရခိုင်သီချင်းတွေဆိုတယ်ဆိုတဲ့ဟာဘဲ တကယ်တမ်းပြောမယ်ဆိုရင် အဲဒီရွာမှာရှိတဲ့ ရခိုင်ညီအကိုတွေလည်းဘဲ ရွာမှာရှိတဲ့အတွက်ကြောင့် အဲလိုမျိုး သူတို့ရှိတဲ့ရွာတွေမှာ သူတို့က သီဆိုတဲ့ဟာတွေကို ကျနော်တို့ကြားသိရတာရှိပါတယ် ကျနော်တို့ ချင်းညီအကိုတွေ ရှိတဲ့ရွာမှာလည်း ချင်းစာပေသင်ကြားခွင့်လည်း ပေးတယ်ဆိုတဲ့ဟာလည်း မြေပြင်မှာပေါ့နော် သိရှိရပါတယ်” လို့ပြောပါတယ်။
သူကဆက်ပြီး “တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျနော်တို့ ပလက်ဝမှာ ရခိုင်ရွာတွေလည်း အများကြီးရှိပါတယ် အဲဒီရွာမှာသင်ကြားနေတဲ့ စာတွေကို ကျနော်တို့ချင်းရွာတွေမှာလည်း အဲလိုမျိုး သင်တယ်ဆိုတဲ့ အထင််နဲ့ဘဲ တစ်ချို့ဟာတော့ ထင်ကောင်းထင်နိုင်တယ် ဆိုတဲ့ အပိုင်းတွေလည်း ရှိနိုင်တယ်ပေါ့လေ အမှန်တိုင်းပြောရမယ်ဆိုရင် ပလက်ဝဖက်ခြမ်းမှာရှိတဲ့ ညီအကိုတွေကိုလည်း အဆက်အသွယ်တွေရှိပါတယ် ဒါတွေလည်းဘဲဖြစ်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောဖို့ကျနော်မှာ တာဝန်ရှိပါတယ် ပြောလည်းပြောမှာပါ ဒါပေမယ့် အခုလောလောဆယ်တော့ ဒါတွေက မရှိဘူးလို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်” လို့ပြောပါတယ်။
အာရက္ခတပ်တော် AA က သူတို့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ၂၀၂၅ ခုနှစ်စလို့ ရခိုင်ဘာသာကို အခြေခံတဲ့ အာရက္ခပညာရေးစနစ်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ပလက်ဝမြို့နယ်အတွင်း နေထိုင်တဲ့ လူဦးရေ ၁ သိန်းဝန်းကျင်မှာ ရခိုင်လူမျိုး လူဦးရေက ၂ သောင်းခန့်သာရှိပြီး အများစုက ခူမီးချင်းလူမျိုးတွေဖြစ်ကြပြီး ခေါင်စိုချင်း၊ အနူးချင်း၊ မတူချင်း၊ မရာချင်းနဲ့ ဒိုင်ချင်းတွေ နေထိုင်ကြတဲ့ ဒေသဖြစ်ပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း အားလုံးကို အာရက္ခတပ်တော် (AA)က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်ကာ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။