Headlines

ဟားခါးမြို့နားက ချွန်ကျုံးရွာကို စစ်ကောင်စီက ဒီကနေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

ဒီဇင်ဘာလ ၁၀ ရက်။

တိုက်ပွဲဖြစ်တာမျိုးမရှိတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ (၇) မိုင်အကွာဝေးမှာရှိတဲ့ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် (၄ ) ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဂျက်ဖိုက်တာနဲ့ ပထမတစ်လုံးဗုံးကြဲ တိုက်ခိုက်ခံရတဲ့ချိန်မှာ ရွာကမိသားစုဝင် ၄ ဦးစလုံး အသက်ဆုံးရှုံးသွားတယ်လို့ သိတယ်။နောက်ထပ် တစ်လုံးဗုံးကြဲတိုက်ခိုက်တဲ့ချိန်မှာတော့ ၈ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ထိခိုက်ဒဏ်ရာရတဲ့သူက စုစုပေါင်း ၉ ဦးလောက်ရှိတယ်လို့ သိရတယ်” လို့ပြောပါတယ်။

ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ဒီကနေ့မနက် ၂ နာရီ ၁၈ မိနစ်လောက်မှာ အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ်တွေလည်း အများအပြားထိခိုက်ပျက်ဆီးခဲ့ရပြီး အရပ်သား ထိခိုက်ဒဏ်ရာရတဲ့သူကလည်း ၁၀ ဦးဝန်းကျင်ခန့် ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ချွန်ကျုံးကျေးရွာက အရပ်သားလူနေအိမ်အများအပြား ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဇူလိုင်လ (၁၄) ရက်နေ့တုန်းက မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။

ချွန်ကျုံးကျေးရွာဟာ ဟားခါးမြို့နယ်ထဲမှာတည်ရှိပြီး ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နဲ့ ဖလမ်းမြို့ ကားလမ်းဘေးမှာတည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *