![](https://chinworld.org/wp-content/uploads/2024/12/471283851_1055913209883418_6313366392416810531_n.jpg)
လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီဇင်လာလ ၂၂ ရက်မှာ ရန်ကုန်မြို့ ၊ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church မှာ ပြုလုပ်ကျင်းပတဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်အကြို)ကျေးဇူးတော်ချီးမွမ်းခြင်း နဲ့ မိတ်သဟာယညစာစားပွဲ မှာပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကိုကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဟုဆိုနိုင် ကြောင်း ဘာသာတရားနှင့်ပတ်သက်ပြီး လူသားတိုင်းသည် မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာကိုလွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘာသာ၊ သာသနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပုဒ်မများပြဋ္ဌာန်းပြီး ဥပဒေကြောင်းအရ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း၏ဘာသာ၊ သာသနာရေးတွင် လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့် အညီအမျှရရှိရေးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း။
ဘာသာတရားဟူသည်မှာ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခုပင်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်း၊ အသိတရားတစ်ခုလည်းဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ လူသားတို့၏ အတွင်းစိတ်သန္တာန်အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံးငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာတရားများ မတူကွဲပြားသော်လည်း လူအချင်းချင်းကြားတွင် မေတ္တာတရားများ ဖုံးလွှမ်းနေရေးအတွက် ဘာသာတရားများ၏အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သကဲ့သို့ အစွန်းရောက်ခြင်း၊ တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း။ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲစုစည်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထိုသို့မတူကွဲပြားမှုများကြားတွင် မိမိတို့သည် သဘောထားကြီးစွာဖြင့် အပြန်အလှန်သည်းခံမှု၊ နားလည်ပေးနိုင်မှုများဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ယင်းကို မိမိတို့ ဆက်လက်ကာကွယ်ထိန်းသိမ်းသွားကြရန်လိုပြီး အထူးသဖြင့် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာဝင်များကို အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် တိုက်တွန်းလိုကြောင်း။
မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း။
မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း၊ ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခုခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်းရှိ ပြည်သူပြည်သားအားလုံး တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။