Headlines

တွန်းဇံမြို့မှာတပ်အပြောင်းအလဲလုပ်ဖို့ပြည်သူများကို ဆိုင်ကယ်ကယ်ရီချောဆွဲခြင်းမဟုတ်ဘဲ ရပ်ကွက်အလိုက် အကူအညီ တောင်းခံခြင်း သာဖြစ်ကြောင်းCDF-Tonzang ဆို

တွန်းဇံမြို့ပေါ်မှာ တပ်အပြောင်းအလဲ ပြုလုပ်ရန် အတွက် အိမ်ထောင်စု အလိုက် ဆိုင်ကယ် ကယ်ရီ အလှည့်ကျ ပို့ပေးရန် CDF-Tonzang မှ အတင်းအကျပ် ခေါ်ယူပြီး ဆိုင်ကယ် ကယ်ရီ မပို့ပေးနိုင်တဲ့မိသားစုများ အနေဖြင့် ငွေကျပ်၄ သိန်း ပေးဆောင်ရမည် ဆိုတဲ့သတင်းဟာ ဟုတ်မှန်ခြင်း မရှိဘဲ ရပ်ကွက် အလိုက် အကူအညီ တောင်းခံခြင်းသာ ဖြစ်ကြောင်း CDF-Tonzang စစ်ဦးချုပ် ဦးထန်ဆွင်းမုန် မှ Chin World Media ကို ပြောပါတယ်။

“ဆိုင်ကယ် ကယ်ရီ မပို့ပေးနိုင်တဲ့ မိသားစု ကို ငွေတောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်ချိန်း လုပ်ဖို့ အတွက် မြို့ပေါ် က ရပ်ကွက်တွေကို ဆိုင်ကယ် လေးစီး စီ စသဖြင့် လိုက်ပို့ပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေက တဆင့် အကူအညီတောင်းတာပါ။ CDF-Tonzang အနေနဲ့ ဓာတ်ဆီ နှင့် စားနပ်ရိက္ခာကို ထောက်ပံ့ ခဲ့ ပါတယ်။ အဝေးဆုံး ပို့ပေးခဲ့ရင် တရက်ခရီး အထိပဲ ပို့ခိုင်းပါတယ်။ အဲတာလဲ မြို့သိမ်း တိုက်ပွဲ အတွက် အသက်စွန့်ပြီး ကူညီတဲ့ Chinland Council အဖွဲ့ထဲက မဟာမိတ် စစ်သားတွေကို ကျေးဇူး ဆပ်တဲ့ အနေနဲ့ ပြန်ကူညီ ဖို့ အခုလို လုပ်လိုက်တာပါ” လို့ လက်ရှိ ဆိုင်ကယ် ကယ်ရီ ခေါ်ရခြင်းနဲ့ ပတ်သက်ပြီး ဦးထန်ဆွင်းမုန်ကပြောပါတယ်။

တွန်းဇံမြို့ပေါ်ရှိ ရပ်ကွက် ငါးခု ကို အခုမှ စတင် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း၊ Lungtak, Phaitu, Salzang, Nakzang, Khianglam, Ngialmual, Phuntong, Taizang, Tungtuang စတဲ့ တွန်းဇံမြို့နယ် အုပ်ချုပ်ရေး နယ်မြေ အတွင်း ရှိ ကျေးရွာများ အနေဖြင့် တစ်ကြိမ်မှ သုံးကြိမ် ခန့်အထိ ဆိုင်ကယ်ဖြင့် အလှည့်ကျ လိုက်ပို့ ဖူးခဲ့ ပြီး ဖြစ်ကြောင်း၊ မြို့သိမ်း တိုက်ပွဲ အတွက် ချီတက်ချိန်ကာလမှာလည်း CDF-Tonzang မှ အကုန်အကျခံပြီး ခရီးသွားလာမှုကို တာဝန်ယူခဲ့ရတာ ဖြစ်ကြောင်း ဦးထန်ဆွင်းမုန်ဆီကသိရပါတယ်။

“တွန်းဇံမြို့ထဲမှာတော့ CDF-Tonzang အတွက် အလှည့်ကျပြီး ဆိုင်ကယ် နှင့် လိုက်ပို့ရမယ်ဆိုပြီး ပြောနေကြတော့ အတော် ထိတ်လန့် နေရပါတယ်။ ဆိုင်ကယ် ရော၊ မောင်းမယ့်လူရော မရှိဘူး ဆိုရင် ငွေ ကျပ်လေးသိန်း ပေးဆောင်ရမယ် ဆိုပြီးတော့ ပြောနေကြတယ်။ တာဝန်ရှိတဲ့ သူတွေ အနေနဲ့ အကြောင်းစုံ ရှင်းပြပေးတာမျိုးတော့ မကြားရ သေးဘူး” လို့ တွန်းဇံ ဒေသခံ တစ်ဦး ထံမှ ကြားသိခဲ့ရ ပါတယ်။

CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဟာ မေလ ၂၃ ရက်နေ့မှာ တွန်းဇံမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက်ပိုင်းမှာ တွန်းဇံမြို့နယ် ကောင်စီကို ဖွဲ့စည်းကာ အရပ်ဘက် အုပ်ချုပ်ရေး ကို ဖော်ဆောင်ခဲ့ကြ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *