တောင်ဇလပ်ဂီတ တော်လှန်သံစဥ် (သို့မဟုတ်) ပျောက်ဆုံးဝိဉာဉ်ထဲက မျက်ရည်အက်ကြောင်း
By ဟာရှိန်း လွမ်းရသောနှစ်များဖြစ်ပါသည်။ ကျောင်းလမ်းထိပ်ရှိ စိန်ပန်းပြာများသည် ကျနော်တို့ တေးသီသံဖြင့်ပွင့်သောနှစ်များဖြစ်ပါသည်။ ကျနော်တို့၏ ညနေကျောင်းဆင်းချိန်များသည် ကောင်မလေးများကို မင်းနဲ့မှချစ်တတ်ပြီ ၊ရင်ခုန်ရလွန်းလို့ရူးမှာပဲ ဟု ဖိုသံပေးခဲ့ကြသော လေပြည်ညှင်းသွဲ့သံများကို တင်ဆောင်ခဲ့ကြသည်။ မင်းအတွက်အချိန်တိုင်းတွေး ဘုန်းကြီးကျောင်းက ကောင်မလေးသည် ဥပုသ်နေ့နောက်တစ်ရက် စာသင်ချိန်ဖြစ်ပါသည်။ ထို့နောက် ပြန်ဆုံမယ့်ညနေသည် ပျံဝဲရောက်ရှိလာခဲ့ပြီး ဘဝနဲ့ရင်းပြီးချစ်မယ့်သူကို ရှာဖွေခဲ့ကြသည်။ထို့နောက် လှပသော လေနှင်သူပိုးရည်ကို တိပ်ကာဗာမှဖြတ်ယူ၍ စာအုပ်ကြားညှပ်သိမ်းထားရသော နေ့များဖြစ်ပါသည်။ ထို့နောက်တွင်တော့ ထွဏ်းခမ်သည် ပျောက်ဆုံးဝိဉာဥ် အဖြစ် ရောက်လာသည်။ စွမ်းအားမှ ကျေးလက်တောတန်းဆီ နှုတ်ဆက်မျက်ရည်ဖြစ်ပါသည်။ အဆိုပါနှစ်များ၏ တခုသောဖေဖော်ဝါရီလ။ပျောက်ဆုံးဝိဥာဥ် တေးစီးရီးထွက်ပြီး များမကြာမီ ချင်းအမျိုးသားနေ့ဖြစ်ပါသည်။ထွဏ်းခမ်ရောက်လာသည်။ စတိတ်စင်ပေါ်မှ ညကောင်းကင်စက်ဝန်း၏ စန္ဒာလမင်းဆီလက်ညိုးထိုး၍ ချစ်သူ့လမင်းဟု မြည်တမ်းသံသည် ပဲ့တင်ထပ်သွားသည်။ ငါမြင်ဖူးသမျှ လမင်းတွေထဲမှာ ထွဏ်းခမ်လက်ညိုးထိုးလိုက်တဲ့ လမင်းက အသာဆုံး…

