
အောက်တိုဘာလ ၁၄ ရက်။
တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကျေးရွာအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ကျေးရွာကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ စတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။
ကျေးရွာဒေသခံတစ်ဦးက “ရွာအတွင်း ပြန်လည်အခြေချ မနေထိုင်နိုင်တာ ကြာပြီ ဘာကြောင့်လည်းဆိုရင် စစ်တပ်နဲ့ တာ်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် စိုးရိမ်ပြီး မဝင်လာရဲကြတာတွေကြောင့် ဒီကနေ့ ကစလို့ မိုင်းရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်” လို့ပြောပါတယ်။
ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်မလာနိုင်တာ နှစ်တွေကြာပြီဖြစ်ပြီး ရပ်ကွက်လမ်း နေအိမ်တွေလည်း ချုံတွေ ပေါင်းတွေများစွာဖြင့် ဖုံးလွမ်းတာတွေဖြစ်ပြီး ကျေးရွာအတွင်း လမ်းတွေကိုလည်း JCB ကားအကြီးတွေနဲ့ ပြန်ရှင်းလင်းတာတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
စက္ကန့်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလကစလို့ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ်တချို့မီးရှို့ဖျက်ဆီးခံရတာတွေ အရပ်သားသေဆုံးတာတွေလည်း ရှိခဲ့ပြီး ရွာခံအများစုဟာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
စက္ကန့်ကျေးရွာဟာ ကလေးမြို့နယ် ၊ အနောက်တောင်ဘက် (ချင်းတောင်ခြေ) မှာတည်ရှိပြီး အိမ်ခြေ ၆၀၀ ခန့်ရှိကာ ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

