
အောက်တိုဘာလ ၁၄ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ၅ နှစ်ကျော်အကြာ လာရောက်စစ်ဘေးရှောင်နေကြရတဲ့ ထန်တလန်မြို့ခံတွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ထန်တလန်နေရပ်ပြန်လည်နေထိုင်နိုင်ရေးနဲ့ ပတ်သက်ပြီး ထန်တလန်မြို့မိမြို့ဖ တချို့နဲ့ ဟားခါးအခြေစိုက် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ပြီးခဲ့တဲ့ အပတ်ကပြုလုပ်ခဲ့ပြီးနောက် ထန်တလန်မြို့မိ မြို့ဖတချို့ က ထန်တလန်မြို့တွင်း အခြေအနေတွေကိုလည်း သွားရောက်ကြည့်ရှု့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ထန်တလန်မြို့တွင်းအခြေအနေတွေ သွားရောက်ကြည့်တာတွေအပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဟားခါးမြို့မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ထန်တလန်ဒေသခံ ၈၉ ဦး အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နေရပ်ပြန်ကြဖို့ အားလုံးက သဘောတူခဲ့ကြတာလို့ သိရပါတယ်။
နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “ အခုနေရပ်ပြန်ဖို့က ဟားခါးမှာ စစ်ရှောင်နေကြတဲ့ ထန်တလန်ဒေသခံတွေလို့ သိရတယ် ထန်တလန်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ နောက်ပိုင်း ဘယ်သူမှကို မပြန်ကြသေးဘူး ဘာလို့ဆို မြို့က လုံးဝပျက်စီးနေတော့ ပြန်လို့မရဘူး အခုတော့ ပြန်လည်ဝင်ရောက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
နေရပ်ပြန်လည်နေရာချထားရေး ပထမအဆင့်အနေဖြင့် ထန်တလန်မြို့တွင်းရှိ မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ သောက်သုံးရေ ပြန်လည်ရရှိရေးနဲ့ ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြုပြင်ရေးလုပ်ငန်းတွေကိုလည်း စစ်ကောင်စီဘက်က အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ထန်တလန်မြို့မိ မြို့ဖ တွေကို စစ်ကောင်စီဘက်က ပြောဆိုထားကြောင်းလည်းသိရပါတယ်။
ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနဲ့ နေရပ်ပြန်ရေးအတွက် “ ထန်တလန်နေရပ်ပြန်ရေးကော်မတီ” ကို ဖွဲ့စည်းပြီး ထန်တလန်မြို့ ပြန်လည်အခြေချနေထိုင်ရေးနဲ့ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချမှတ်ထားတယ်လို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ထန်တလန်မြို့ခံအားလုံးဟာ ဘေးလွတ်ရာနေရာတွေဆီ အသီးသီး စွန့်ခွာပြေးခဲ့ရကာ တစ်မြို့လုံးနီးပါး ပြာကျပျက်စီးခဲ့ရတဲ့ ထန်တလန်မြို့ကို စစ်ကောင်စီက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ခဲ့ပြီး ၃ လ အကြာမှာ ဒေသခံတွေ နေရပ်ပြန်ဖို့ ပြင်ဆင်လာကြတာလည်းဖြစ်ပါတယ်။

