
ဧပြီလ ၃၀ ရက်။
အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်နယ်စပ်ကနေ ကီလိုမီတာ ၂၀ ဝန်းကျင်သာကွာဝေးတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာ နှင့်Tuichirh ကျေးရွာတို့ကြားရှိ khuaimual ကျေးရွာကို စစ်အုပ်စုက ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီခန့်လောက်မှာလေကြောင်းတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိမိတာမျိုးတော့ မရှိဘူးလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တီးတိန်မြို့နယ်က Heilei ကျေးရွာ နှင့် Tuichirh ကျေးရွာတို့ကြားရှိ khuaimual ကျေးရွာကို ဒီကနေ့မနက်ပိုင်း ၇ နာရီ ၄ မိနစ် နှင့် ၇ နာရီ ၈ မိနစ်ခန့်တွင် တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့ Yak-130 ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးတာမျိုးတော့ မရှိပေမယ့် အဆောက်အအုံ တချို့တော့ ထိခိုက်ပျက်စီးတာမျိုး ရှိပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုလုပ်သွားတဲ့ တီးတိန်မြို့နယ်က khuaimual ကျေးရွာဟာ အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ် နယ်စပ်ကနေ ကီလိုမီတာ 20 ဝန်းကျင်အကွာအဝေးမှာရှိတဲ့ တီးတိန်မြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် နဲ့ ယောဒေသ ဆောမြို့နယ် ကျောက်ထုဒေသအကြား နေရာတွေကိုလည်း ဒီကနေ့မနက်ပိုင်းကနေ နေ့လည် ၁၂ နာရီကျော်အထိ စစ်အုပ်စုက ဂျက်ဖိုက်တာ လေယာဉ် ၇ စီးခန့်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။
မနေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို စစ်အုပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ၉ ဦးသေဆုံးခဲ့ရပြီး လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

