Headlines

Zogam နယ်မြေအတွင်း မည်သည့်ပြင်ပလက်နက်ကိုင်အဖွဲ့မျှ လှုပ်ရှားခွင့်မပြုကြောင်း ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ထုတ်ပြန်

ဧပြီလ ၂၁ ရက်

ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို ခွင့်မပြုသလို၊ ဇိုမီးလူထုနဲ့ ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ အပြည့်အဝသိရှိမှုနဲ့ သဘောတူညီချက်မပါဘဲ ဘယ်ပြင်ပအဖွဲ့ကမှ ဇိုဂမ်အတွင်းမှာ လှုပ်ရှားခွင့်မရှိကြောင်း Zomi Political Coordination Council (ZPCC) က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

ဇိုဂမ်အတွင်းမှာရှိတဲ့ စစ်ရေးစစ်ဆင်မှုတွေ၊ မြို့ရွာအုပ်ချုပ်ရေးကိစ္စတွေအပါအဝင် ဇိုမီးလူမျိုးတွေရဲ့ နိုင်ငံရေးကိစ္စရပ်အားလုံးမှာ ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဘယ်ပြင်ပနိုင်ငံရေးအဖွဲ့၊ လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် အစိုးရကမှ ဝင်ရောက်စွက်ဖက်တာ၊ တားဆီးတာ ဒါမှမဟုတ် လှုပ်ရှားမှုတွေလုပ်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရဘူးလို့လည်း အဆိုပါထုတ်ပြန်ချက်မှာ အတိအလင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇိုဂမ်ကို အုပ်ချုပ်ပိုင်ခွင့်ဟာ ဇိုမီးလူမျိုးတွေမှာပဲ ရှိတဲ့အတွက် ဘယ်ပြင်ပအဖွဲ့ကမှ နွေဦးတော်လှန်ရေးကို အကြောင်းပြတာ ဒါမှမဟုတ် မြို့သိမ်းတိုက်ပွဲ (Capture of towns) တွေကို အကြောင်းပြပြီး ဇိုမီးလူထုအပေါ် အာဏာလွှမ်းမိုးဖို့၊ အုပ်ချုပ်ဖို့၊ အခွန်ကောက်ဖို့ ဒါမှမဟုတ် သယံဇာတထုတ်ယူဖို့ မကြိုးစားရဘူးလို့ သတိပေးထားပါတယ်။

အဲဒီလို ဆန္ဒမပါဘဲ အခွန်အတုတ်တွေ ကောက်ခံတာ ဒါမှမဟုတ် သယံဇာတ ထုတ်ယူတာမျိုးဟာ ဇိုဂမ်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်လို့ တရားမဝင်ဘူးလို့ သတ်မှတ်မှာ ဖြစ်ပါတယ်။

ဇိုမီးမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ အစိုးရတွေအနေနဲ့လည်း ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ ခွင့်ပြုချက်မရှိဘဲ ဇိုဂမ်အတွင်းက သဘာဝသယံဇာတတွေ၊ သတ္တုတွေနဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ယူတာ၊ သယ်ယူပို့ဆောင်တာတွေ လုံးဝမလုပ်ဖို့ တားမြစ်ထားပြီး၊ ချိုးဖောက်သူတွေကို ထောက်ပံ့ကူညီတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အပြည်ပြည်ဆိုင်ရာဥပဒေအရ အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကယ်၍ ဇိုဂမ်အတွင်းက မြို့ရွာတွေကို နွေဦးတော်လှန်ရေး အကြောင်းပြချက်နဲ့ဖြစ်စေ၊ ဘယ်လိုအခြေအနေမျိုးနဲ့မဆို ပြင်ပလက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ကျူးကျော်တာ ဒါမှမဟုတ် မီးရှို့ဖျက်ဆီးတာမျိုး လုပ်လာရင် ဇိုမီးလူထုအနေနဲ့ ပြင်းပြင်းထန်ထန် ခုခံသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေကို ဇိုမီးလူမျိုးတွေရဲ့ ရန်သူအဖြစ် ထာဝရသတ်မှတ်သွားမှာဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်အောင် တင်ပြသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ZPCC အနေနဲ့ ဇိုဂမ်နယ်မြေဟာ မြန်မာနိုင်ငံအတွင်းမှာ သီးခြားအတိအကျရှိတဲ့ နယ်မြေဖြစ်ကြောင်း အတည်ပြုထားသလို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးနဲ့ အပြန်အလှန်လေးစားမှုရှိရှိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂ (UN)၊ အာဆီယံ (ASEAN)၊ အိန္ဒိယအစိုးရ၊ မီဇိုရမ်အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကိုလည်း မိတ္တူပေးပို့ အသိပေးထားတယ်လို့ သိရပါတယ်။

ZPCC/ZRA (အရှေ့ပိုင်းတိုင်း) ရဲ့ အခုလို ထုတ်ပြန်ချက်ဟာ ချင်းပြည်နယ်မြောက်ပိုင်း (တီးတိန်နဲ့ တွန်းဇံမြို့နယ်) အတွင်းမှာ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA) တို့နဲ့ နယ်မြေစိုးမိုးရေးဆိုင်ရာ တင်းမာမှုတွေ ရှိနေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *