
ဖေဖော်ဝါရီလ ၉ ရက်။
ဘိန်းစိုက်ပျိုးမှုကို အခါ အားလျော်စွာ တားမြစ်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် လုပ်ကိုင် နေတဲ့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ်ဘိန်းခင်းတွေက ဖမ်းဆီးလာတဲ့အလုပ်သမားများကို ပြည်သူ စစ်မှုထမ်းကောင်း ဖြစ်သည် အထိ ပြုစု ပျိုးထောင်သွားမယ်လို့ တီးတိန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ ဇိုမီး ဖက်ဒရယ် အစည်းအရုံး (ZFU/PDF-Zoland)ကဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ZFU/PDF-Zoland အဖွဲ့ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တီးတိန်မြို့နယ်၊ လေသာတောင် အရှေ့ဘက် ရှိ ဘိန်းခင်းများမှာ နေ့စား အလုပ်သမား အဖြစ် ဒေသစုံကနေ သွားရောက် လုပ်ကိုင်နေတဲ့ အလုပ်သမား ပေါင်း ၂၀၀ ခန့်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့အပြီး မှာ အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ZFU ရဲ့ ထုတ်ပြန်ကြေငြာချက်မှာတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂-၂၃ ရက်တွေမှာ ဘိန်းခင်း တချို့ကို ဖျက်ဆီးပြီး ဘိန်းစိုက်ပျိုးမှုကို တားမြစ်ခဲ့ပြီး ဖြစ်ကြောင်း၊ အများ ပြည်သူရဲ့ မျက်နှာကို မကြည့်ဘဲ ဆက်လက် လုပ်ကိုင်ကြတဲ့ အတွက် ဘိန်းခင်းများ အထိ သွားရောက်ခဲ့ပြီး အလုပ်သမားများကို ဖမ်းဆီး ထိန်းသိမ်းပြီး တားမြစ်ခဲ့ရကြောင်း၊ ဘိန်းခင်း အလုပ်သမားများမှ အစ ဘိန်းခင်း ပိုင်ရှင်များ အထိ အခါအားလျော်စွာ လိုအပ်သလို လူထုနဲ့ အတူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်ကို အသိပေးပါကြောင်း စသည့် အချက်များ ပါရှိ ပါတယ်။
အခု ဖမ်းဆီး ခံရတဲ့ အလုပ်သမားတွေရဲ့ အလုပ်လုပ်ရာ ဒေသ နဲ့ ပတ်သက်ပြီး ဒေသခံ တဦး ကတော့ “ထန်ကိုင်းခေါ် လေသာတောင်တန်း အရှေ့ဘက် ခြမ်း ဒေသပါ။ နတ်တံခါး ချောင်း ခေါ် Tuingo ချောင်း ရဲ့ ဘေးမှာ ရှိတဲ့ ရွာတွေ အများစု ဖြစ်တယ်” လို့ Chin World Media ကို ပြောကြားသွား ပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရတဲ့ ဘိန်းခင်း အလုပ်သမားများနဲ့ ပတ်သက်ပြီးအလုပ်သမားများ ထဲမှ အသက် ၁၈ နှစ် မှ ၃၅ နှစ် ကြား မဟုတ်သူများ၊ အိမ်ထောင်ဦးစီး (သို့) မိသားစုကို တာဝန်ယူ ကျွေးမွေးသူများ၊ တဦးတည်းသော သား ဖြစ်သူများ၊ မိသားစု ဝင်ထဲမှ ပြည်သူ စစ်မှုထမ်းသူ ရှိပြီး သူများ နှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း မကျန်းမာသူများ ကို အိမ်ပြန်ပို့မည် ဖြစ်ပြီး ကျန်လူများကို ပြည်သူ့ စစ်မှုထမ်းကောင်း ဖြစ်သည် အထိ ပြုစု ပျိုးထောင် ပေးမယ်လို့ လည်း ZFU ရဲ့ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ ပါတယ်။
အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဒေသအတွင်းရှိ ရွာသား တဦး တော့ “ကြိုတင် သတိပေးတာ မရှိပါဘူး။ ကြိုသိရင် ဘယ်သူမှ စိုက်ခင်းထဲ အလုပ်သွားလုပ်မှာ မဟုတ်ဘူး။ အများစု က လက်နက်ကိုင်တွေနဲ့ အခင်းပိုင်ရှင်တွေ ပြေလည်ပြီ လို့ သိရတော့ နေ့စား လုပ်ဖို့ သွားကြတာ။ တချို့ မိသားစုဝင်တွေက သနားဖို့ အရမ်းကောင်းတယ်” လို့ ပြောကြား သွား ပါတယ်။
“PDF-Zoland က ဘိန်းခင်းတွေ ရှင်းလင်းဖို့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ကျွန်တော်တို့ မှတ်ယူတယ်။ စစ်အာဏာရှင်ကို ဖြုတ်ချ ဖို့ လို့ မှတ်ထားတယ်။ သူတို့ရဲ့ အာဂျင်ဒါမှာ ဘယ်လို ပါလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး” လို့ ဒေသခံ တဦး က ဆက်လက် ပြောကြား ခဲံ ပါတယ်။

