Headlines

ကုလသမဂ္ဂ(UN)မှ အာဆီယံအထိ တစ်သံတည်းထွက်လာသည့် မြန်မာရွေးကောက်ပွဲ အသိအမှတ်မပြုရေး အကျပ်အတည်း

DonBosco

အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာစစ်ကောင်စီကို “Junta” (အာဏာသိမ်းအဖွဲ့) လို့ တရားဝင် စတင်သုံးနှုန်းလာတာဟာ သံတမန်ရေးအရ တကယ့်ကို ထူးခြားပြင်းထန်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုရုံတင်မကဘဲ သူတို့ရဲ့ တရားဝင်မှုကိုပါ အာဆီယံက အကြီးအကျယ် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

အခု ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ တကယ့်ကို အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးသံတမန် Ms. Theresa Lazaro က စစ်ကောင်စီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအဆင့်ဆင့်ကို အာဆီယံအနေနဲ့ လုံးဝအသိအမှတ်မပြုဘူးလို့ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့သံတမန်တွေနဲ့ ကုလသမဂ္ဂ (UN) ဟာ မြန်မာ့အရေးကို ဆုံးဖြတ်တဲ့အခါ “အာဆီယံ ဘယ်လိုရပ်တည်သလဲ” ဆိုတာကိုပဲ အဓိက ကြည့်လေ့ရှိတာကြောင့် အခုလို အာဆီယံက စစ်ကောင်စီကို ပယ်ချလိုက်တာဟာ စစ်ကော်မရှင်ရဲ့ သံတမန်ရေးရာ “ပိုက်လိုင်း” ကို အောင်အောင်မြင်မြင် ပိတ်ဆို့လိုက်တာနဲ့ အတူတူပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာဟောင်း Salai Bawi Lian Mang က သုံးသပ်ထားပါတယ်။

ဒါဟာ ပိုက်လိုင်းတစ်ခုကို ပိတ်ချင်ရင် အပေါက်ကို အရင်ပိတ်ရသလိုပါပဲ။ စစ်ကောင်စီအနေနဲ့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ နေရာမရစေဖို့အတွက် အာဆီယံရဲ့ ရပ်တည်ချက်ဟာ တကယ့်ကို အရေးပါတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ (ရုရှား၊ တရုတ်နဲ့ အာဏာရှင်နိုင်ငံတွေကလွဲရင်) ဟာ စစ်ကော်မရှင်ကို ပယ်ချထားပြီး တရားဝင်အစိုးရအဖြစ် မယူဆကြတဲ့အပြင် အထူးသဖြင့် အာဆီယံက ဘယ်လိုသဘောထားသလဲဆိုတာဟာ နိုင်ငံရေးအရ တရားဝင်မှု (Legitimacy) ရှိ၊ မရှိအတွက် အဓိက မှီခိုအားထားရာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် “ဘုံသဘောတူညီချက် ၅ ချက်” (Five-Point Consensus) ဟာ အာဆီယံရဲ့ တစ်ခုတည်းသော လုပ်ငန်းဘောင်ဖြစ်တယ်ဆိုတာကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

အဲဒီ အချက် (၅) ချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းတဲ့အဖြေရှာဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ကနေ ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံ (AHA Centre) ကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့၊ အထူးသံတမန်က မြန်မာနိုင်ငံက သက်ဆိုင်သူအဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံဖို့တို့ ဖြစ်ပါတယ်။

စီဗူးမြို့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ချင်တယ်ဆိုရင် အခုတလော ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုတည်းနဲ့တင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေအတွက် အစားထိုးလို့ မရနိုင်ဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိဘဲနဲ့ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးတိုးတက်မှုတွေ ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ကြီးတွေက ကောက်ချက်ချလိုက်ပါတယ်။

တကယ်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားတာမဟုတ်ဘဲ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် လုပ်ဆောင်တဲ့ “နိုင်ငံရေး လှည့်ကွက်” (Sham Election) သာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇာအုပ်က ကုလသမဂ္ဂညီလာခံမှာ ကိုယ်တိုင်တက်ရောက်ပြီး ရွေးကောက်ပွဲမတိုင်မီကတည်းက ကြိုတင်တင်ပြခဲ့ပါတယ်။

နိုင်ငံတကာက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အခုလို ပြတ်ပြတ်သားသား တုံ့ပြန်လာရခြင်းရဲ့ နောက်ကွယ်မှာ မြန်မာ့အရပ်ဘက်အဖွဲ့အစည်း (CSOs) ပေါင်းများစွာရဲ့ မမောမပန်း ကြိုးပမ်းမှုတွေကလည်း အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။ CHRO အပါအဝင် ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်တာမဟုတ်ဘဲ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ ကြိုးစားတဲ့ “Sham Election” သာဖြစ်ကြောင်း ကမ္ဘာကသိအောင် အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ Advocacy လုပ်ငန်းတွေကို အဆက်မပြတ် လုပ်ဆောင်ခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ နိုင်ငံတကာ သံတမန်ရေးရာ စင်မြင့်တွေမှာ မြေပြင်က ဖိနှိပ်မှုတွေ၊ အတင်းအဓမ္မ မဲစာရင်းကောက်ယူမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေတွေကို တင်ပြပြီး နိုင်ငံတကာမိသားစုအနေနဲ့ ဒီအတုအယောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့အပြင်၊ စစ်ကောင်စီကို ငွေကြေးနဲ့ လက်နက်ထောက်ပံ့နေတဲ့ လမ်းကြောင်းတွေကိုပါ ဖြတ်တောက်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့ကြပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံရေးလှည့်ကွက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာရအောင် ဒီလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စုပေါင်းအင်အားနဲ့ Advocacy လုပ်ဆောင်ခဲ့ကြတာပါ။

နိုင်ငံတကာမိသားစုအနေနဲ့ ဒီရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ (၅၅) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆလိုင်းဇာအုပ်လိန်းကိုယ်တိုင်တက်ရောက်ပြီး ပြတ်ပြတ်သားသား တောင်းဆိုခဲ့သလို၊ စစ်ကော်မရှင်က လူဦးရေစာရင်းကောက်ယူရာမှာ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်နေတဲ့ မြေပြင်အခြေအနေတွေကိုပါ UN ဆီ အချက်အလက်နဲ့တကွ တင်ပြခဲ့တာပါ။

မြန်မာပြည်သူတွေကလည်း စစ်ကော်မရှင်ရဲ့ လှည့်ကွက်ကို လက်မခံဘဲ တော်လှန်ရေးဘက်မှာ ဆက်ရှိနေကြပါတယ်။ အာဆီယံအနေနဲ့လည်း မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို AHA Centre ကတစ်ဆင့် ဘယ်သူ့ကိုမှ ခွဲခြားမှုမရှိဘဲ ပေးအပ်သွားမယ်လို့ ကတိပြုထားပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်ဟာ အစိုးရဖွဲ့နိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အိမ်ရာတွေကို ပြင်ဆင်နေသလို၊ မနေ့ကပဲ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေကို ရက်ပေါင်း ၉၀ ထပ်တိုးပြီး စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ သူတို့အနေနဲ့ နယ်မြေကို စိုးမိုးနိုင်စွမ်းမရှိသေးဘူးဆိုတာကို ကိုယ်တိုင် ဝန်ခံလိုက်တာလို့ ဆိုရမှာပါ။

ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ထောက်ခံနေကြတယ်ဆိုပေမဲ့ အာဆီယံနိုင်ငံတွေကပါ ရွေးကောက်ပွဲရဲ့ တရားမဝင်မှုကို ပြတ်ပြတ်သားသား ပြောဆိုလာပြီဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး စစ်ကော်မရှင်ရဲ့ အကျပ်အတည်းဟာ ပိုပြီး ကြီးမားလာဖို့ပဲ ရှိပါတယ်။ သံတမန်ရေးမှာလည်း လူရာမသွင်းခံရ၊ မြေပြင်မှာလည်း စစ်အုပ်ချုပ်ရေးနဲ့ပဲ ထိန်းထားရတဲ့ အခြေအနေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ သူတို့မျှော်လင့်သလို တရားဝင်မှု ရလာမှာမဟုတ်ဘဲ နိုင်ငံတကာရဲ့ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေနဲ့သာ ရင်ဆိုင်ရဖို့ ရှိနေတဲ့သဘောဖြစ်လာပါတယ်။

အာဆီယံက စစ်ကော်မရှင်ကို “စစ်အာဏာရှင်” လို့ သတ်မှတ်လိုက်ခြင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက်တော့ သံတမန်ရေးရာ အောင်ပွဲတစ်ခုဖြစ်သလို၊ စစ်ကောင်စီအတွက်တော့ နိုင်ငံရေးအရ အသက်ရှူကျပ်စေမယ့် နောက်ဆုံးအဆင့် နိဂုံးရဲ့ အစပဲ ဖြစ်ပါတော့တယ်။

Ref :

ASEAN reaffirms 5-point peace plan

30 Jan 2026 by Thai PBS World

Leave a Reply

Your email address will not be published. Required fields are marked *