Headlines

ချင်းစည်းလုံးညီညွတ်ရေးအတွက် အချက် ၄ ချက်ကို Chin Civic Movement – CCM မှ မေတ္တာရပ်ခံ

ဇူလိုင်လ ၁၃ ရက်။

နိုင်ငံရေးအကြပ်အတည်းများနှင့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နေရသည့် အချိန်အခါတွင်ချင်းတော်လှန်ရေး အင်အားစုအချင်းချင်းအကြား သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းလာကြခြင်းသည် ချင်းတစ်မျိုးသားလုံးအတွက် အလွန်ကြီးမားသော စိတ်နှလုံးကြေကွဲ ဖွယ်ရာ ဖြစ်ရပ်ပင်ဖြစ်ကြောင်း၊ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အချက် ၄ ချက်ကို ချင်းအရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားတဲ့ Chin Civic Movement – CCM အဖွဲ့မှ မေတ္တာရပ်ခံပန်ကြားစာကို ဒီကနေ့ဇူလိုင်လ ၁၃ ရက်မှာထုတ်ပြန်ထားပါတယ်။

CCM အဖွဲ့မှ ချင်းအရပ်ဘက် အသံများကို စုစည်း၍ အောက်ပါအချက် ၄ ချက်ကို-

၁။ ချင်းတော်လှန်ရေးအင်အားစု ညီအစ်ကိုများအကြား စစ်ရေးပဋိပက္ခများသည် ကျွန်ုပ်တို့၏ တော်လှန်ရေးအင်အားကို ချိနဲ့စေရုံသာမက ပြည်သူလူထု၏ နှလုံးသားအား ကုစားမရနိုင်သော ဒဏ်ရာများကို ဖြစ်ပေါ်စေပါသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့ အတူတကွတည်ဆောက်မည့် အနာဂတ်ချင်းပြည်အတွက် ချင်းသွေးချင်း ညီအစ်ကိုများအကြား လက်နက်ဖြင့်ဖြေရှင်းသည့် ပဋိပက္ခအားလုံးကို ချက်ချင်း ရပ်တန့်ပြီး မိမိတို့၏တော်လှန်ရေးအင်အားများကို ဘုံရန်သူ ဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရေးအတွက် စုစည်းအသုံးချကြပါရန် အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

၂။ ချင်းအမျိုးသားအချင်းချင်းကြား ပွတ်တိုက်မှုများနှင့် စပ်လျဉ်း၍ လူမှုကွန်ရက် စာမျက်နှာများတွင် အမုန်းစကားများ၊ သတင်းတုသတင်းမှားများ၊ တစ်ဖက်နှင့် တစ်ဖက် သိက္ခာကျဆင်းစေသည့် ရေးသားဖြန့်ဝေမှုများ အရှိန်အဟုန်မြင့်တက် လာသည်ကို အလွန်စိုးရိမ်ဖွယ်ရာတွေ့မြင်ရပါသည်။ ထို့ကြောင့် သတင်းမီဒီယာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ချင်းလူထုခေါင်းဆောင်များ နှင့် တကွ ချင်းပြည်သူတစ်ဦးချင်းစီအနေဖြင့်လည်း အမုန်းတရားဖြစ်စေသည့် အရေးအသား၊ ပြောဆိုမှု များကို ရှောင်ကြဉ်ပြီး အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကို အားပေးသည့် အပြုသဘော ဆောင်သော ဆွေးနွေးမှုများ ဖြစ်လာစေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းပေးကြပါရန် အလေးနက် ထားတိုက်တွန်းအပ်ပါသည်။

၃။ CCM သည် ချင်းအမျိုးသားအရေးတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခတိုင်းအပေါ် ငြိမ်းချမ်းသော ဆွေးနွေးမှုဖြင့် အဖြေရှာရေးသည်သာ တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်ဟု အစဉ်တစိုက် ယုံကြည်ရပ်တည်ပါသည်။ ဆွေးနွေးညှိနှိုင်းခြင်းသည် နိုင်ငံရေးအရ ရင့်ကျက်မှုနှင့်ခွန်အား၏ သင်္ကေတဖြစ်ပြီး ကျွန်ုပ်တို့ လိုလားနေ သည့် ဖက်ဒရယ်ဒီမိုကရေစီ၏ အခြေခံအနှစ်သာရ လည်း ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ ချင်းတော်လှန်ရေးအင်အားစုများအားလုံး စစ်မြေပြင်မှ စားပွဲဝိုင်းသို့ ရိုးသားပွင့်လင်းစွာ အပြန်အလှန်လေးစားအသိအမှတ်ပြုမှုကို အခြေခံပြီး တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် အဖြေကို ရှာဖွေကြပါရန် အလေးနက်ထား တိုက်တွန်း တောင်းဆိုအပ်ပါသည်။

၄။ လက်ရှိပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရ၊ ချင်းလူမှုအဖွဲ့ အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက စေ့စပ်ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်နေမှုများကို CCM အနေဖြင့် အလေးအနက်ကြိုဆိုပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးအနေဖြင့် စေ့စပ်ညှိနှိုင်းမှုရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်‌ရေး အတွက် အပြည့်အဝ ပူးပေါင်းပါဝင်ပေး ကြပါရန် အလေး နက်ထား တိုက်တွန်းနှိုးဆော် အပ်ပါသည်။ လို့ CCM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *