
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖေသာပြင်ကျေးရွာနေ ဒေသခံ ချင်းလူမျိုး အသက်မပြည့်သေးတဲ့ အမျိုးသမီး၊ အမျိုးသား အပါအဝင် ချင်းလူငယ် ၇ ဦးကို မေလ ၃ ရက်နေ့ကတည်းက အာရက္ခတပ်တော် (AA)က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်မပေးဘဲ ထိန်းသိမ်းထားဆဲဖြစ်ကာ မိဘတွေက တွေ့ခွင့်တောင်းဆိုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “အမ်းမြို့နယ်မှာ ဖမ်းခံရတာ နောက်ဆုံးရတဲ့ သတင်းအရ မင်းပြားမြို့နယ် ကမ်းနီရွာကအေအေ စခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ်တဲ့ အခုထိ အဆက်အသွယ်မရကြသေးဘူးတဲ့ မိဘတွေက သူတို့ သားသမီးကို တွေ့ရဖို့ တောင်းပန်တယ် မိန်းကလေးတွေလည်းပါတော့ စိတ်ပူကြတယ် ဒါပေမယ့် တွေ့ခွင့်မပေးဘူးလို့သိရတယ်” လို့ပြောပါတယ်။
မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာက လေးတူ (ချင်း) ရွာက ချင်းလူမျိုး အမျိုးသမီးငယ်၊ အမျိုးသား (၇) ဦးဟာ ရန်ကုန်မြို့က အမျိုးတွေဆီ အလုပ်လုပ်ဖို့ ကျောင်းတက်ဖို့ သွားရင်း အမ်းမြို့နယ် တနေရာမှာ AA က ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဖမ်းဆီးခံရသူတွေဟာ အသက် ၁၅ နှစ်အရွယ် မိုင်ပါစော၊ အသက် ၁၄ နှစ်အရွယ် မိုင်ဗွေစော၊ အသက် ၁၅ နှစ်အရွယ် မိုင်သဇင်၊ အသက် ၁၅ နှစ်အရွယ် မိုင်မကြာဦး၊ အသက် ၁၉ နှစ်အရွယ် မိုင်ဆိုဘောက်၊ အသက် ၁၇ နှစ်အရွယ် ဆလိုင်းဦးသန့်၊ အသက် ၁၇ နှစ်အရွယ် ဆလိုင်းဘောက်ဆိုပ်မ် တို့ဖြစ်တယ်လို့သိရပါတယ်။