
ဖေဖော်ဝါရီလ ၂၀ ရက်။
နွေဦးတော်လှန်ရေးမှာ ချင်းတိုင်းရင်းသားတွေအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေအနေနဲ့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာညှိနှိုင်း တိုင်ပင်ကာ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ကိုလည်း မျော်လင့်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
နွေဦးတော်လှန်ရေးကာလ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ပြည်သူလူထုကို အကြမ်းဖက်အာဏာရှင် လက်ပါးစေစစ်တပ်က ပစ်ခတ်ဖြိုခွင်းသောအခါတွင် ချင်းအမျိုးသားတို့ရဲ့ တူမီးလက်နက်နဲ့ ပြည်သူကိုကာကွယ်ပေးခဲ့ပြီး စစ်အာဏာရှင်ကို စတင်ခုခံတွန်းလှန်တဲ့ သမိုင်းကလည်း အထင်အရှားဖြစ်ခဲ့တဲ့ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။ နယ်ချဲ့အစိုးရနဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ သမိုင်းနဲ့ လက်ရှိတွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိတဲ့ ချင်းအမျိုးသားခေါင်းဆောင်တွေနဲ့ ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို အမျိုးသားညီညွှတ်ရေးအစိုးရက ဂုဏ်ယူစွာကမ္ဗည်း မှတ်တမ်းတင်ထားမယ်လို့လည်းNUG က ဆိုထားပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှစတင်၍ စစ်အာဏာရှင်ဆက်ဆက်ကို တိုက်ပွဲဝင်တော်လှန်ရင်း ယခုလက်ရှိနွေဦးတော်လှန်ရေးကာလအထိ ကျဆုံးသွားတဲ့ ချင်းအမျိုးသားခေါင်းဆောင်တွေ၊ ချင်းသူရဲကောင်းအာဇာနည်တွေနဲ့ ချင်းပြည်သူလူထုအပေါင်းရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကိုလည်း အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ အလေးမြတ် ဂါရဝထားဦးညွှတ်တယ်လို့လည်း NUG ရဲ့သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ မပြီးဆုံးသေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့မှာလည်း မဟာမိတ်ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ချင်းပြည်သူလူထုတို့နဲ့အတူတကွ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ခိုင်ခိုင်မာမာ ကတိပြုကြောင်း (၇၇) ကြိမ်မြောက် ချင်းအမျိုးသားနေ့အတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း NUG က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ချင်းအမျိုးသားနေ့ကို လွတ်လပ်ရေးရအပြီးခေတ် ၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဦးဝမ္မသူးမောင် ဦးဆောင်တဲ့ ချင်းရေးရာကောင်စီ အစည်းအဝေးမှာ ချင်းအမျိုးသားနေ့ကို သတ်မှတ်ရန် ရွေးချယ်ကြရာ တိုက်သူကြီးတို့ အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသစ်သို့ ပြောင်းလဲခဲ့တဲ့ ဖလမ်းမြို့လူထုညီလာခံ ကျင်းပခဲ့တဲ့နေ့ဖြစ်တဲ့ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် (၁၀) နာရီအချိန်ကို ချင်းအမျိုးသားနေ့အဖြစ်တက်ရောက်လာတဲ့ ကောင်စီအမတ်အားလုံးက သဘောတူပြီး သဘာပတိ ဦးလျင်ထုမ်းက အတည်ပြုခဲ့ပါတယ်။

