
ဇူလိုင်လ ၁၇ ရက်။
တီးတိန်မြို့နယ် ရှိ တွီးထန်ကျေးရွာကို ဇူလိုင် ၁၇ ရက်နေ့မှာ မြို့ အဆင့်သို့ တိုးမြှင့်ပေးလိုက်တယ် လို့ ဒေသခံတွီးထန်ရွာသား များထံမှ သိရှိရ ပါတယ်။
“တွီးထန်ရွာကို ကျေးရွာ အဆင့်ကနေ မြို့ အဆင့် သို့ တိုးမြှင့် ပေးလိုက်ပါတယ်။ ဒီနေ့ ဇူလိုင် ၁၇ နေ့မှာ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ကနေ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတွေ ခေါ်ယူပြီး လက်မှတ် ရေးထိုး စေခဲ့ ပါတယ်။ မြို့ အဆင့် တိုးမြှင့်ပြီ ဆိုတာ အတည်ပြုလုပ် ရပါပြီ” လို့ ရွာသား တဦးက Chin World Media ရဲ့ မေးမြန်းချက်ကို ဖြေကြားသွား ပါတယ်။
ကျေးရွာအုပ်စု အဆင့်ကနေ မြို့အဆင့် တိုးမြှင့် သတ်မှတ်ပေးဖို့ အစိုးရ အဆက်ဆက် ထံ တွီးထန် ရွာသားများမှ လျှောက်ထား ခဲ့ကြောင်း၊ မြို့ အဆင့် တိုးမြှင့် နိုင်ရေး အတွက် ဆယ်စု နှစ် တခုစာ ကြိုးစားခဲ့ အပြီး အခုလို ရရှိခဲ့ခြင်း ဖြစ်ကြောင်း တွီးထန်ရွာသား ဖြစ်သူက ဆက်လက် ပြောကြား ခဲ့ပါတယ်။
တွီးထန်ရွာဟာ တီးတိန်မြို့နယ် အနောက်ဘက်ခြမ်း၊ မဏိပူရမြစ် တဖက်ကမ်းမှာ ရှိတဲ့ တောင်ပေါ် ရွာကြီး၁ ရွာ ဖြစ်ပြီး လက်ရှိမှာတော့ အိမ်ခြေ ၆၂၅ အိမ် နှင့် လူဦးရေ ၃,၂၀၀ ခန့် နေထိုင် နေပါတယ်။
ကျေးရွာပေါင်း ၁၃၂ ရှိတဲ့ တီးတိန်မြို့နယ်ဟာ ကျေးရွာအုပ်စု ၅၅ခု ဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၅ ခုနှစ်တွင် ခိုင်ကမ်းကျေးရွာကို ခိုင်ကမ်းမြို့ အဖြစ်
လည်းကောင်း၊ ၂၀၂၆ ခုနှစ်မှာ တွီးထန်ကျေးရွာကို တွီးထန်မြို့ အဖြစ် လည်းကောင်း အသီးသီး တိုးမြှင့် ဖွဲ့စည်းထား ပါတယ်။

