
ဇွန်လ ၉ ရက်။
ဇွန်လ ဒုတိယအပတ်အတွင်း ကလေး၊ဟားခါးနဲ့ ရိခေါ်ဒါရ်မြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နေရပ်ပြန်ချင်တဲ့ စစ်ရှောင်ပြည်သူတွေ ကလေးမြို့က Central Chin Pawlpi ရုံးမှာ မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးကြဖို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
ကလေးမြို့မှာရှိတဲ့ Central Chin Pawlpi ရုံးမှာ မနက် ၈ နာရီကနေ ၁၁ နာရီ၊ နေ့လည် ၁၂ နာရီကနေ ၃ နာရီအတွင်း နာမည်စာရင်းပေးနိုင်တယ်လို့ အသိပေးထားပါတယ်။
ကလေးမြို့ကနေ ဖလမ်းမြို့နေရပ်ပြန်မယ့်သူတွေအနေဖြင့် လူတစ်ဦးတွင် အိတ် ၃ အိတ်အထိ သယ်ဆောင်ပေးမှာဖြစ်ပြီး နေမကောင်းသူတွေ ဆိုင်ကယ်မစီးနိုင်တဲ့ အသက်ကြီးပိုင်းတွေအတွက်လည်း Mini Bus စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ဘက်ကနေ ပြန်လာမယ့်သူတွေဖြစ်စေ ၊ ရိခေါ်ဒါရ်ဘက်နေ ပြန်လာမယ့်သူတွေဖြစ်စေ ၎င်းတို့အတွက် ကားစီစဉ်ပေးမှာဖြစ်လို့ တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဖလမ်းမြို့ကို စစ်ကောင်စီပြန်ထိန်းချုပ်လိုက်ပြီးနောက် နေရပ်ပြန်ချင်သူတွေအတွက် Falam Pawlpi Falam က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကစလို့ ကားစီစဉ်ပေးတာတွေ လုပ်ခဲ့ပြီး အခုတစ်ခေါက်မှာတော့ ဖလမ်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က ဦးဆောင်ပြီး ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ( CSOs ) အားလုံးက စုပေါင်း စီစဉ်ပေးနေတာလို့လည်း သိရပါတယ်။
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့တွင် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ၊ ဝန်ထမ်းမိသားစုတွေ ရာနဲ့ချီဟာ ဖလမ်းမြို့ကို ပြန်လည် အခြေချခဲ့ပြီးနောက် ဌာနဆိုင်ရာအသီးသီးနဲ့ ကျောင်းတွေကိုလည်း ဇွန်လကစလို့ စတင်ဖွင့်လှစ်နေကြပြီလည်းဖြစ်ပါတယ်။

