Headlines

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကကျောင်းသား/သူတွေကို လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ပြု

ဇန်နဝါရီလ ၇ ရက်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်တံတားဂိတ်ဖြတ်ကျော်သွားလာခွင့်ကို လူအများကို ကန့်သတ်ပေမယ့် နယ်စပ်မှာ နေထိုင်ပြီးကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့လွတ်လွတ်လပ်လပ်သွားလာခွင့်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းက တာဝန်ရှိသူတွေက ခွင့်ပြုတယ်လို့ ရိဒ်ခေါဒါရ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့က AGS – 1 က Chin World Media ကို ပြောပါတယ်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို မီဇိုရမ်ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကန့်သတ် ပိတ်ပင်မှုတွေလုပ်ခဲ့ပြီး အသက်မပြည့်တဲ့သူတွေကို ဖြတ်သန်းသွားလာခွင့် မပေးတာမျိုးရှိခဲ့လို့ နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ ပက်သက်လို့ မီဇိုရမ်ပြည်နယ်က အာသံရိုင်ဖယ်နဲ့ CDF – Hualngoram အကြားတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အာသံရိုင်ဖယ်ဘက်က အခုလိုခွင့်ပြုလာတာလည်း ဖြစ်ပါတယ်။

CDF – Hualngoram က AGS – 1 Lal က “ဖြတ်သန်းသွားလာခွင့်ကဒ်ကို အသက်မပြည့်တဲ့သူကို ပေးခွင့်မရှိဘူးလို့ သူတို့ဘက်က ထုတ်ပြောတာရှိတယ် အဲဒီအခါကြတော့ ကျနော်တို့ AGS ခေါင်းဆောင်တွေနဲ့ အာသံရိုင်ဖယ်နဲ့ နှစ်ကြိမ်ရှိပြီ နယ်စပ်ကိစ္စနဲ့ပတ်သက်လို့ တွေ့ဆုံပြီးတော့ သူတို့ဘက်ကလုပ်တဲ့ပုံစံတွေကို ကျနော်တို့ဘက်က ပွင့်ပွင့်လင်းလင်းမေးတယ် ဖြေတယ် ပြီးတော့ ကျနော်တို့အဓိက တစ်ဖက်ကိုတစ်ဖက်ကို လေးစားမှုတော့ရှိတယ် အတူတူဆောင်ရွက်ဖို့တွေကိုလည်း လုပ်ထားတာရှိတယ်ပြီးတော့ အဓိကတော့ ကျောင်းနေတဲ့ကလေးတွေပေါ့ စစ်ရှောင်ကလေးတွေဆိုရင် ကျနော်တို့မြန်မာဘက်ခြမ်းမှာနေတယ် ဇိုခေါထာရ်ဘက်မှာ ကျောင်းသွားတက်တဲ့ဟာတွေရှိတယ် ပြီးတော့ ဇိုခေါထာရ်ဘက်က စစ်ရှောင်တွေလည်း ကျနော်တို့ဘက်ခြမ်းမှာ ကျောင်းလာတက်တယ်ပေါ့နော် အဲလိုမျိုးတွေရှိတဲ့အခါကြတော့ ကလေးတွေကြတော့ ကလေး ၃၀၀ လောက်က နေ့တိုင်း ဟိုဘက်ဒီဘက်ကျောင်းတက်ပြီးတော့ သွားလာနေရတာဆိုတော့ အဲဒီဟာတွေအတွက် အခက်ခဲမရှိအောင် သူတို့နဲ့တော့ ကျနော်တို့ပြောဆိုထားတာရှိတယ် သူတို့ဘက်ကလည်း အထိုက်လျောက်နဲ့ ဒီကျောင်းသားတွေကိုသွားလာဖို့ ခွင့်ပြုထားတယ် ကလေးတွေတော့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်” လို့ပြောပါတယ်။

လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်(FMR) ကို အိန္ဒိယဗဟိုအစိုးရက ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ဖျက်သိမ်းလိုက်ပြီးနောက်ချင်းပြည်နယ်ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့နဲ့ မီဇီုရမ်ပြည်နယ် ဇိုခေါဒါရ်ရွာကိုအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကတဆင့်၊နယ်စပ်ကတဆင့် ဝင်ထွက်သွားလာခွင့်ကို အိန္ဒိယဗဟိုအစိုးရက တင်းကြပ်လိုက်တာလည်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကိုဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယဖက်က ကန့်သတ်မှုတွေလုပ်ခဲ့တာကြောင့် နယ်စပ်မှာနေထိုင်တဲ့ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘာသာရေး၊ လူမှုရေး နဲ့ နေ့စဉ်လူနေမှုဘဝမှာ များစွာအခက်ခဲရှိသွားခဲ့တယ်လို့ အိန္ဒိယ – မြန်မာ နယ်စပ်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသကနေ နေ့စဉ်နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်ကဒ်ပြားကို ၁ ရက်ကို ၅၀ ကနေ ၁၀၀ အကြားသာ ထုတ်ပေးတာဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကနေတော့ ၁၀ ကီလိုမီတာအတွင်းမှာရှိတဲ့ ဒေသခံတွေကိုဘဲ ဝင်ထွက်ခွင့်ပေးထားပြီး ရိဒ်ခေါဒါရ် မြို့အုပ်ချုပ်ရေးကနေပြီးတော့ ဒေသခံဖြစ်ကြောင်းကို CDF – Hualngoram က ထောက်ခံစာပေးပြီး မီဇိုရမ်ပြည်ဖက်ကအာသံရိုင်ဖယ်ရုံးမှာ စာတင်ကာ ခွင့်ပြုချက် ကဒ်ထုတ်ပေးပြီး သွားလာခွင့်ပြုထားတဲ့ကြောင်းကိုလည်း တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *