Headlines

ပလက်ဝကောင်စီထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့(CHO)ကကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေး

ဇန်နဝါရီလ ၂၇ ရက်။

CDM ချင်းဆရာဝန်တွေ၊သူနာပြုတွေနဲ့ဖွဲ့စည်းထားတဲ့ချင်းကျန်းမာရေးအဖွဲ့(CHO)က မကြာသေးခင်က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းက ပလက်ဝကောင်စီထိန်းချုပ်တဲ့ နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရွေ့လျားဆေးခန်းတွေ( Mobile Clinic) ဖွင့်လှစ်ကာ ဒေသခံတွေကို ဆေးကုသပေးတာတွေကို လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပလက်ဝဒေသခံတွေကို ချင်းကျန်းမာရေးအဖွဲ့(CHO)အနေနဲ့ ငှက်ဖျားရောဂါပိုးရှိမရှိစစ်ဆေးတာတွေ၊ ငှက်ဖျားဆေးထောက်ပံ့တာတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက််ကျွေးတာအပြင် တခြားကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အထောက်အပံ့တချို့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်မှာပလက််ဝကောင်စီရဲ့ ထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့(CHO)က ဆေးဝါးထောက်ပံ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလာနေပေမယ့် တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက “CHO ကနေပြီးမှ သူတို့စီမံကိန်းအနေနဲ့ဝင်တာ အဲဒီသဘောဖြစ်တယ် နောက်ပြီး ကျနော်တို့ပြည်သူ့ကျန်းမာရေးတွေနဲ့ ပေါင်းစပ်ပြီးမှ လက်လှန်းမှီသလောက်ကို သူတို့လုပ်ဆောင်နေတယ်လိုိ့ သိရတယ် နောက်ပြီးဆေးဝါးတွေထောက်ပံ့ပေးတယ် Volunteer ဆရာ၊ ဆရာမတွေနဲ့ သူတို့အတတ်နိုင်ဆုံး ကျနော်တို့ ပလက်ဝကောင်စီရဲ့ထိန်းချုပ်ဧရိယာအတွင်းမှာ လည်ပတ်နေတယ်ဆိုတာ ပြောလို့ရပါတယ် နောက်ပြီး ဒီထက်ကျယ်ပြန့်တဲ့အစီအမံတွေ ဝင်ပေးနိုင်ဖို့လည်း လိုအပ်သေးပါတယ် ဘာကြောင့်လည်းဆိုရင် ပလက်ဝတစ်မြို့နယ်လုံးကိုခြုံနိုင်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနိုင်ဖို့အတွက်က တော်တော်လေးလိုအုန်းမယ်ဆိုတာတော့ ပြောလို့ရတယ် ဒီထက််မက ကျယ်ပြန့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်ဆိုတာတော့ ပြောလို့ရတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်က တိုက်ပွဲပဠိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအရလည်း အခက်အခဲများစွာရှိတဲ့ ဒေသဖြစ်သလို ဒေသအတွင်းဆေးဝါးဝယ်ယူစရာရှားပါးတာနဲ့ ကျန်းမာရေးဝန်ထမ်းနည်းပါးတာကြောင့်ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာဒီထက်မက လိုအပ်နေသေးတဲ့ ဒေသဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူတွေပြောပြချက်အရ သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ ၃၈၈ ရွာထဲမှ ကျေးရွာပေါင်း ၁၀၀ နီးပါးမှာ ပလက်ဝကောင်စီ (PC) မှ အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ပြီး ပြည်သူ့ဝန်ဆောင်မူများ ဆောင်ရွက်ပေးနေကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *