Headlines

တမူးမြို့ အနီးဝန်းကျင်ကို တော်လှန်ရေးအင်အားစုတွေဘက်က ၀ိုင်းပိတ်ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်န၀ါရီလ ၂၉ ရက်။

အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့က စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ မြို့အနီးအနား ဝန်းကျင်တွေကို တော်လှန်ရေးအင်အားစု တွေဘက်က ဝိုင်းပိတ်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ သိရပါတယ်။

တမူးမြို့နဲ့ အနီးဝန်းကျင်က မင်းသာကျေးရွာနဲ့ တောင်ဘက် အာရှလမ်းမကြီးဘေးက ပန်းသာကျေးရွာတွေက စစ်တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ လည်းသိရပါတယ်။

ဒေသခံတစ်ဦးက “ဟိုတလောက မြို့ထဲတိုက်ပွဲတွေဖြစ်တော့မလို ရှိခဲ့တော့ အိန္ဒိယဘက် ပြောင်းရွှေ့သွားကြတာမျိုးတွေလည်းရှိတယ် အခုထိတော့ မြို့ထဲမှာတော့ တိုက််ပွဲမရှိသေးဘူးဆိုပေမယ့် တမူးမြို့အနီးအနားဝန်းကျင်တွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတာမျိုးတွေရှိနေတော့ ဘယ်ချိန်စဖြစ်မလဲတော့ မသိရသေးဘူး မြို့ခံတွေလည်း အင်တာနက်လိုင်းတွေလည်း ပိတ်ခံထားရတော့ အင်တာနက်လိုင်းလည်း မရကြဘူး” လို့ပြောပါတယ်။

တမူးမြို့မြောက်ဘက် ၁၀ မိုင်ခန့်ကွာမှာရှိတဲ့ မင်းသာကျေးရွာနဲ့ တောင်ဘက် ၁၀ မို်င်ခန့်အကွာ အာရှလမ်းမကြီးဘေးမှာရှိတဲ့ ပန်းသာကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်မှ တမူးမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနိုင််မှာလည်း ဖြစ်လို့ တော်လှန်ရေးအင်အားစု တွေဘက်က ဝိုင်းပိတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကာစစ်ကောင်စီဘက်လည်း သူတို့စခန်းတွေ မကျရေး လေကြောင်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တမူးမြို့ ဒေသခံပြည်သူ ထောင်ချီဟာ အခုလ ဇန်နဝါရီလ လဆန်းပိုင်းကစလို့ မြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာတွေလည်း ရှိသလို မြို့မှာဆက်ပြီး နေထိုင်တဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *