Headlines

ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်းဆောင်တစ်ဦးနဲ့အတူ လက်နက်ခဲယမ်းများ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ဖမ်းဆီး

ဇန်န၀ါရီလ ၁၆ ရက်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် မိတ်ဖက်ထောက်လှမ်းရေးအေဂျင်စီတို့ပူးပေါင်းပြီး Mamitခရိုင်အနောက်ပိုင်း Phaileng ရဲစခန်းပိုင်နက် နယ်မြေအတွင်းရှိ Saithah ရွာပြင်တွင်ချင်းအမျိုးသားတပ်ဦး၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနဲ့အတူလက်နက်ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိတယ်လို့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ The IndiaToday မီဒီယာကဖော်ပြပါတယ်။


ယခုကဲ့သို့ လက်နက်နဲ့ကျည်များဖမ်းဆီးရမှုဟာ မီဇိုရမ်ပြည်နယ်အတွင်းလက်နက်ခဲယမ်းဖမ်းဆီးမှုတွင် ပမာဏအများဆုံးဖြစ်ပြီးဒေသအတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပေါ် ဆိုးရွားတဲ့ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ထားတဲ့အပြင် အခုလို မီဇိုရမ်ပြည်နယ်တွင်းကနေလက်နက်မှောင်ခိုတင်သွင်းမှုကို ဘက်မလိုက်ပဲ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


ဖမ်းဆီးရမှုတွင် ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ထပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင်ငါးဦးကိုဖမ်းဆီးထားပြီး ၎င်းတို့နဲ့အတူ AK-47 သေနတ် ၆ လက်၊ AK – ကျည် ၁၀၀၅၀ တောင့် နဲ့အခြားစစ်သုံးလက်နက်များကိုဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။ ဖမ်းဆီးရမိမှုမှာချင်းအမျိုးသားတပ်ဦးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလို့သာ ဖော်ပြထားပြီး
အမည်အသေးစိတ်ကို သတင်းမှာဖော်ပြထားခြင်းမရှိပါ။


မီဇိုရမ်ရဲတပ်ဖွဲ့ကယခုကဲ့သို့ ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံအခြေစိုက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး၏ထိပ်ပိုင်းခေါင်းဆောင်အပါအဝင်ဖမ်းဆီးရမိခြင်းဟာတရားမဝင်လက်နက်ကိုင်သူများနှိမ်နှင်းရေး စစ်ဆင်ရေးတွင် သိသာထင်ရှားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။


ကနဦးစစ်ဆေးမှုအရ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းများဟာ ချင်းအမျိုးသားတပ်ဦး နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တကောင်းတောင်တန်းဒေသတွင်လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့United People Democratice Font (UPDF – P) တို့အကြား ကုန်သွယ်တဲ့လက်နက်များဖြစ်တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ကဆိုပါတယ်။

ယခုကဲ့သို့ တရားမဝင် နိုင်ငံဖြတ်ကျော် လက်နက်ရောင်းဝယ်ခြင်းဟာ ဒေသအတွင်းတည်ငြိမ်ရေးကို ဆက်လက်ခြိမ်းခြောက်နေသည်ကို မီးမောင်းထိုးပြနေတာဖြစ်တဲ့အတွက် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ Mamit ခရိုင်၊ Phaileng ရဲစခန်းမှာကနဦးအမှုဖွင့်ထားပြီး လက်နက်မှောင်ခိုကုန်သွယ်နေတဲ့ ကွန်ယက်ကို ဖော်ထုတ်နိုင်ရေးအတွက်ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *