ဒီဇင်ဘာလ ၁၁ ရက်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက တီးတိန်မြို့နေအိမ်မှ ထွက်ခွါလာကာ ပျောက်ဆုံးနေတဲ့ စိတ်ပိုင်း မကျန်းမာသူ အသက် ၂၉ နှစ်အရွယ် ကိုလန့်ခန့်ဆွင်းရဲ့ရုပ်အလောင်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တွန်းဇံမြို့မှာ CDF-Tonzang မှ သေဆုံးသူရဲ့မိသားစုထံသို့ ပြန်လည်လွှဲ အပ်ပေးခဲ့ပြီး တီးတိန်မြို့ရှိ ၄င်းရဲ့နေအိမ်သို့ ရောက်ရှိပြီဖြစ်ကြောင်း တီးတိန်မြို့ နေ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။
သေဆုံးသူဟာ မလေးရှား ကနေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းချက် ကြောင့် ဇာတိကို ပြန်လာခဲ့ သည်မှာ နှစ်နှစ် ကျော် ရှိခဲ့သူ ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် တီးတိန်မြို့ရှိ သူ့ရဲ့နေအိမ်ကနေ ထွက်ခွါသွား ကာပျောက်ဆုံး ခဲ့ခြင်း ဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူ တစ်ဦးထံမှ သိရှိခဲ့ရ ပါတယ်။
“သူ့ကို တီးတိန်မြို့ ပတ်ဝန်းကျင် အနှံ့ လိုက်ရှာကြတယ်။ တီးတိန်မြို့နားရှိ ကျေးရွာများမှ ခရီးသွားများ ပြောပြချက် အရ တွန်းဇံဘက် ဦးတည်ပြီး သွားနေတယ်လို့ ဆွေမျိုးတွေကို အကြောင်းကြား ကြတယ်။ သူတို့ကလည်း တွန်းဇံမြို့ထိ လိုက်သွားကြတယ်။ တွန်းဇံမြို့ပေါ်မှာ ထန်ဇန်ရွာသား တစ်ဦး အဖမ်းခံရတဲ့ သတင်းကြားတော့ သူတို့ကနေ ဖုန်းနဲ့ CDF-Tonzang ကို ဆက်သွယ်ကြတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ည မှာ ဖမ်းထားပြီး ၇ ရက် မနက်မှာ သေဆုံးသွားတာ လို့သိရတယ်။ အလောင်းကို CDF-Tonzang က ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ မိသားစု ဆီ လွှဲ ပေးလိုက်ပါတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေက ည ၆နာရီ လောက်မှာ တွန်းဇံ ကနေ ထွက်ခွာပြီး ည ၈ နာရီခွဲ မှာ အလောင်း နဲ့ တီးတိန်မြို့ကို ရောက်ခဲ့တယ်” လို့ တီးတိန်မြို့ခံ လူငယ်မှ ပြောပါတယ်။
“ကျွန်တော်တို့က ဒီဇင်ဘာလ ၈ ရက်နေ့ ကတည်းက စပြီး CDF-Tonzang ကို ဆက်သွယ်ခဲ့တယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သူတို့ မြေမြုပ်တဲ့ နေရာကနေ ပြန်ဖော်ပြီး အလောင်းကို လာအပ် သွားတယ်” လို့ အလောင်းသွားယူသူတစ်ဦးထံမှ သိရှိခဲ့ရ ပါတယ်။
တွန်းဇံမြို့နယ် ကောင်စီ ဥက္ကဌ နှင့် CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်ကို Chin World Media က ဖုန်းဆက် မေးမြန်းခဲ့ရာ “သူက စိတ်မကျန်းမာသူ လို့ သိရပါတယ်။ မလေးရှားကနေ ပြန်လာတာလို့ သိရတယ်။ ပြန်လည်ထူထောင်ရေး စင်တာ (Camp) တွေလည်း ရောက်ဖူးခဲ့တယ်လို့ သိရတယ်။ ည သန်းခေါင်ကြီးမှာ Tungtuang ရွာမှာ ရှိတဲ့ CNA ဂိတ်ကို ဖြတ်လာခဲ့တယ်။ တပ်သားတွေက ‘ရပ်’ လို့ ပြောလိုက်တော့ မရပ်ဘဲ ထွက်ပြေးသွားတယ်။ တပ်သားတွေက နောက်ကနေ လိုက်ပြီး ဖမ်းချုပ်နိုင်ခဲ့တယ်၊“CNA တွေက သူ့ကို ဖမ်းလိုက်တော့ CDF-Tonzang ကို လွှဲဖို့ လုပ်ခဲ့တယ်။ အဲချိန်မှာ ကျွန်တော်က Camp Victoria ကို အစည်းအဝေး တက်ဖို့ ရောက်နေတော့ လက်ခံ မယ့်သူ မရှိဘူး။ ဒါကြောင့် CNA တပ်တွေ ထိုင်တဲ့ ရဲစခန်းက အချုပ်ထဲမှာပဲ ထားကြတယ်။ သူ့ကို စစ်ဆေးတော့ ‘ငါ့ကိစ္စ နင်တို့ နဲ့ မဆိုင်ဘူး” လို့ ပြောသွားတယ်လို့ သိရတယ်။ ပြီးတော့ “မွာလ်ပီးရွာမှာ ခိုင်နီးသွား ငုံမလို့” ဆိုပြီး တချက် ပြန်ပြောတယ်။ သူ့ပုံစံ မမှန်တော့ မစစ်တော့ဘဲ အချုပ်ထဲမှာ ဆက်ထားလိုက် ကြတာ။ မနက် ရောက်တော့ အသက် မရှိတော့ဘူး” လို့ဖြေကြားပါတယ်။
“အလောင်းအပ်တော့ Major Bawi Cung ကလည်း သေဆုံးသူရဲ့ ဆွေမျိုးတွေ အပေါ် တောင်းပန် စကား ဆိုခဲ့တယ်။ ကျွန်တော် ဘာသာ ပြန်ပေးခဲ့တယ်။ ကျွန်တော်ကလည်း စကား အနည်းငယ် ပြောခဲ့တယ်။ မိမိ ဘက်က အမှားမကင်းတဲ့ အတွက် ချင်းထုံးစံ အတိုင်း ဝက် လေးဆုပ် (၁၆ လက်မ) တစ်ကောင် နှင့် ကို အလောင်း နဲ့ အတူ ထည့်ပေးပြီး တောင်းပန် စကား ပြောခဲ့တယ်။ သူ့ဆွေမျိုးတွေကလည်း ကျေအေး ပေးကြပါတယ်။ မိမိတို့ CDF-Tonzang အနေဖြင့် လူကို ဖမ်းခဲ့သည့် တိုင်အောင် နှိပ်စက်တာမျိုး၊ သတ်ဖြတ်တာမျိုး ဘယ်တော့မှ မလုပ်ဖို့ မူဝါဒ ရှိပါတယ်” အလောင်း ပြန်လည် အပ်နှံ ခဲ့ပုံ နှင့် ပတ်သက်ပြီး CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် က ဆက်လက်ပြောကြားခဲ့ ပါတယ်။
“ဘာဖြစ်ဖြစ်၊ လက်နက် မကိုင်တဲ့ လူတစ်ဦးကို ဖမ်းမိပြီး အသက် သေဆုံး စေခဲ့တာမျိုးက အခုလို ကာလမှာ တော်လှန်ရေး အုပ်စုတွေ ဘက်က ကျူးလွန်မိတာက အတော် လက်ခံဖို့ ခက်တဲ့ အခြေအနေ တစ်ခုပဲ” လို့ တီးတိန်မြို့ ဒေသခံ တစ်ဦးက မှတ်ချက် ပြုခဲ့ ပါတယ်။
ကိုလန့်ခန့်ဆွင်းဟာ သေဆုံးချိန်မှာ အသက် ၂၉ နှစ်ရှိပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တီးတိန်မြို့မှာ သင်္ဂြုလ် သွားမယ် လို့ သေဆုံးသူရဲ့ဆွေမျိုးများ ထံမှ သိရှိခဲ့ရပါတယ်။