ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၁၀ လုံး ၀န်းကျင် မီးရှို့ခံရတယ်လို့ သိရပါတယ်။ မင်းတပ်မြို့အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲ အပေါ်နားရှိ အရပ်သား ပြည်သူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါမီးလောင်သွားတဲ့ အိမ်တွေဟာ မင်းတပ်မြို့အနောက်ရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၇၄ တပ်ရင်း သွားတဲ့လမ်းပေါ်မှာတည်ရှိ နေအိမ်တွေလို့ သိရပြီး ကင်းလှည့်လာတဲ့ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်တွေက မူးရှုးအော်ဟစ်ရင်း မီးရှို့ခဲ့ကြတယ်လို့လည်း မင်းတပ်ဒေသခံတစ်ချို့ကပြောပါတယ်။
မင်းတပ်မြို့ဒေသခံတစ်ဦးက “ မီးလောင်တာတော့ ဟုတ်တယ် ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကြောင်းမှူးတွေမေးကြည့်တာ စစ်သားတွေက မီးရှို့တာလို့ ပြောတယ်” လို့ပြောပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်က မင်းတပ်မြို့ အနောက်ရပ်ကွက် လှေးကောင်းလမ်းခွဲနားက အရပ်သားပြည်သူနေအိမ် ၅ လုံးကို မီးရှို့ခဲ့သလို ၎င်းမီးရှို့ခံရတဲ့ နေရာနဲ့ တစ်ဖာလုံအကွာမှာရှိတဲ့ အရပ်သားနေအိမ် ၃ လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။