Headlines

လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့ရတဲ့ ပီချောင်းဆုံကုန်ဆိပ်အနားတဝိုက်ကို ဒီကနေ့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်

အောက်တိုဘာလ ၁၉ ရက်။

မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦးဝန်းကျင်သေဆုံးခဲ့တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ပီချောင်းဆုံကုန်ဆိပ်အနားတဝိုက်ကို ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းကလည်း လေကြာင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သေဆုံးအရပ်သားတွေ ထပ်တိုးရှိလာနိုင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ နေ့လည် ၁၁ နာရီကျော်ကနေ ၁၂ နာရီ အတွင်း လေကြောင်းကနေ ချောင်းဆုံကုန်ဆိပ်အနားတဝိုက်ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။

ပလက်ဝဒေသခံတစ်ဦးက “ ဒီနေ့လည်း ထပ်မံတိုက်ခိုက်ခံရတယ်လို့သိရတယ် ၊ မနေ့က သေဆုံးစာရင်းတောင် သေချာမသိရသေးဘူး မနေ့ဗုံးကြဲမှုမှာ ၈ ယောက်သေတယ်လည်းပြောတယ် အဲဒီထက်ပိုများတယ်လို့လည်း ပြောကြတယ် သေချာတော့ စာရင်းမရသေးဘူး၊ ပွဲချင်းပြီး သေဆုံးသွားတဲ့ လူဦးရေကများတယ်၊ မနေ့က ဗုံးအလုံးရေ ၅၀ လောက်နဲ့ကို တိုက်ခိုက်သွားတာဖြစ်တယ်၊ ဒီနေ့လည်း ထပ်မံတိုက်ခိုက်သွားတော့ သေဆုံးတာတွေ ထပ်တိုးရှိလာနိုင်တယ်” လို့ပြောပါတယ်။

ပလက်ဝမြို့ – မတူပီမြို့ – မင်းတပ် သုံးမြို့နယ်အစပ် လေးမြိုချောင်းဖျားမှာရှိတဲ့ ပီချောင်းဆုံက ကုန်တင်ကုန်ချ လုပ်တဲ့ နေရာကို မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ၊ မနက်ပိုင်း ၁၀ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား အမြောက်အများ အခင်းဖြစ်ပွားရာမှာ သေဆုံးတာတွေ အမြောက်များရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *