
ဇွန်လ ၈ ရက်။
တိုက်ပွဲပဋိပက္ခတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးစဉ် ဖမ်းဆီးခံရတဲ့ ပလက်ဝဒေသခံ ချင်းလူမျိုး ၄၇ ဦး လက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) က ဆက်ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ လုပ်နေတာဖြစ်လို့ နေရပ်ပြန်မပို့သေးဘူးလို့ ပလက်ဝဒေသခံတွေကပြောပါတယ်။
ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခိုလှုံဖို့သွားကြတဲ့ ပလက်ဝမြို့နယ်က ခူမီးတိုင်းရင်းသား ၄၇ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘန်ဒရီဘန်ခရိုင် ၊ သန်ချီနယ်စပ်ကနေတဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ သန်ချီမြို့နယ်၊ ရေမာခရီကျေးရွာအုပ်စုအတွင်းက ဟွိုင်ကိုခူမီးကျေးရွာ နေအိမ်တချို့မှာ ခိုလှုံနေစဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) တပ်ဖွဲ့တွေက စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “အခုနေရပ် ပြန်မရောက်ကြသေးဘူး နယ်စပ်မှာပဲရှိနေသေးတယ်လို့သိရတယ်။ အစမှာတော့ BGB တွေက ဖမ်းဆီးတာပါ သူတို့လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို အဝင်မခံပဲ နေရပ်ကို ပြန်ပို့ဖို့ လုပ်တာပါ အခုက နယ်စပ်မှာပဲ ရှိနေပါတယ် ကျနော်သိရတာက စုစုပေါင်း ၄၇ ဦးရှိတယ်” လို့ပြောပါတယ်။
မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ပလက်ဝဒေသခံတွေထဲတွင် အမျိုးသား၊ အမျိုးသမီးတွေအပြင် ကလေးငယ် ၁၁ ဦးလည်း ပါဝင်တယ်လို့သိရပြီး ပလက်ဝဒေသဘက်ကို နေရပ်ပြန်ပို့ဖို့ BGB တပ်ဖွဲ့က ပြန်လည်ပို့ဆောင်နေစဉ် လမ်းခရီးတွင်လည်း ခူမီးချင်းအမျိုးသမီးတစ်ဦးဟာ ခရီးပန်းနွမ်းနယ်မှုနဲ့ အမောဖောက်ပြီး မူးလဲတာတွေအထိ ဖြစ်ပွားခဲ့တယ်လို့လည်း ပလက်ဝဒေသခံတွေကပြောပါတယ်။
မြန်မာနယ်စပ်တလျှောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့၊ ရက္ခိုင့်တပ်တော် ( AA) ၊ ARSA နဲ့ RSO အဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေတင်းမာနေတာကြောင့် လုံခြုံရေးအခြေအနေအရ ခူမီးချင်းတိုင်းရင်းသားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ မကြာသေးမီနှစ်တွေအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝဒေသခံအများအပြားဟာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံ ပြည်မဘက်ကို ထွက်ပြေးခိုလှုံနေခဲ့ရပါတယ်။

