
မေလ ၇ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာမှာ မနေ့မေလ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်တန်း ထောက်ပို့စခန်းက PDF – Zoland ရဲဘော်အမျိုးသမီး ၄ ဦးအပါအဝင် အမျိုးသား ၃ နဲ့ စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ရေးအရှိန်မြင့်နေတဲ့ တီးတိန်မြို့နယ် ဖူနွမ်ကျေးရွာကို မေလ ၆ ရက်နေ့ ညနေပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမအကြိမ် ညနေ ၄ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့ပြီး ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
သတင်းရင်းမြစ်တစ်ဦးက “ ရဲဘော်တွေ ညနေစာအတွက် ချက်ပြုတ်နေကြတုန်း ချက်ပြုတ်တဲ့နေရာကို ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲသွား အတိအကျ ကြဲသွားတာလို့ သိရတယ် ၊ လောလောဆယ်မှာတော့ အသေးစိတ်
တော့ ပြောလို့မရသေးဘူး သဂြိုလ်ပြီးမှ ပြောလို့ ရမယ်လို့ တာဝန်ရှိသူတွေဘက်ကပြောတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းဗုံးကြဲခဲ့လို့ သေဆုံးသူတွေထဲမှာ ထမင်းချက်ပြုတ်ပေးနေတဲ့ အရပ်သား ၃ ဦးလည်း ပါဝင်ပြီး PDF – Zoland ရဲဘော်အမျိုးသမီး ၄ ဦး၊ အအမျိုးသား ၃ ဦး တို့ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ဖူနွမ်း AG ဘုရားကျောင်းလည်း မီးလောင်ပျက်စီးခဲ့ရပြီး အခုလို နေရာအတိအကျတွေ ဗုံးကြဲတိုက်ခိုက်ခံရတာ ဒလန် သတင်းတွေကြောင့်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖူနွမ်ကျေးရွာဟာ စစ်ကောင်စီက မေလ ၅ ရက်နေ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ကနေဒီတောင် တောင်ခြေမှာ တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

