
ဧပြီလ ၁၂ ရက်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ပေါ်ကို အာဏာသိမ်းစစ်ကော်မရှင်တပ်က ဧပြီလ ၁၁ ရက် စနေနေ့ည ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ တစ်နာရီအတွင်း ၈ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုရှိကာ အိမ် ၂၀ ကျော်နဲ့ကား၄စီးပျက်စီးခဲ့တယ်လို့ မင်းတပ််မြို့ဒေသခံတွေဆီက ကနဦးသိရပါတယ်။
ည ၁၀ နာရီဝန်းကျင်လောက်မှာ လေယာဉ်တွေ တစ်စင်းပြီးတစ်စင်း လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး၊ “တစ်နာရီအတွင်းမှာတင် ၈ ကြိမ်အထိ ကြဲချသွားတာပါ” လို့ မင်းတပ်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့ပေါ်က စာတိုက်ရုံးအပါအဝင် အိမ် ၂၀ ကျော်နဲ့ကား၄စီးကို ထိမှန်ခဲ့ပြီးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေ ဆီက ကနဦး သိရပါတယ်။
လေကြောင်းစောင့်ကြည့်ရေး တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ “ဝေဟင်” ရဲ့ သတင်းပေးပို့ချက်တွေအရ ည ၉ နာရီခွဲကနေ ၁၀ နာရီခွဲအတွင်းမှာ တံတားဦးလေတပ်က ဂျက်ဖိုက်တာတွေနဲ့ မကွေးလေတပ်က ဂျက်ဖိုက်တာတွေဟာ မင်းတပ်ဘက်ကို ဦးတည်ပျံသန်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ည ၁၀ နာရီ ၂ မိနစ်ကနေ ၁၀ နာရီ ၁၈ မိနစ်အတွင်းမှာ တံတားဦးလေတပ်က လေယာဉ် ၂ စီးနဲ့ မကွေးလေတပ်က လေယာဉ် ၃ စီးတို့က မင်းတပ်နယ်တစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်တွေဟာ ည ၁၀ နာရီခွဲဝန်းကျင်မှာ မကွေးလေတပ်နဲ့ တံတားဦးလေတပ်တွေကို ပြန်လည်ဆင်းသက်သွားခဲ့တယ်လို့ သိရပါတယ်။

