
ဧပြီလ ၉ ရက်။
ဒီနေ့ ဧပြီလ ၉ ရက်နေ့မှာ ဟားခါးမြို့မှာ ကျင်းပတဲ့ တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ပဉ္စမနေ့မှာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန် မှ ပြည်နယ်လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားတဲ့ ပြည်နယ် ဝန်ကြီးဌာန ဝန်ကြီး ၇ ဦးကို ချင်းပြည်နယ် လွှတ်တော်က အတည်ပြုပေး လိုက်ကြောင်း ချင်းပြည်နယ် လွှတ်တော် နဲ့ နီးစပ်သူ တဦး ထံမှ သိရှိရ ပါတယ်။
ပြည်နယ်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ပြည်နယ် ဝန်ကြီးတွေကတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီးခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးနေလင်းအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးပေါင်ဇလန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးဝင်းဇော်ဦး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးအောင်ကျော်ဌေး စတဲ့ သူတွေ ဖြစ်တယ် လို့ လွှတ်တော် နဲ့ နီးစပ်သူ တဦး ထံမှ သိရှိရ ပါတယ်။
“ဧပြီ ၇ ရက်နေ့ ပြည်နယ်လွှတ်တော် စတုတ္ထ နေ့မှာ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ် ဝန်ကြီးတွေရဲ့ အမည် စာရင်း တင်သွင်းခဲ့တယ်။ အဲနေ့မှာ တခါတည်း အတည်ပြု နိုင်ဖို့ အခက်အခဲတွေ ကြုံရတယ်။ တချို့ ကိုယ်စားလှယ်တွေက ဝန်ကြီးလောင်းတွေနဲ့ ပတ်သက်ပြီး ထပ်သုံးသပ်သင့်တယ် လို့ ယူဆတဲ့ သဘောတွေ ရှိတယ် လို့ သိရတယ်။ ဧပြီ ၉ ရက်နေ့ ပြည်နယ် လွှတ်တော် ပဉ္စမနေ့ မှာတော့ ပြည်ခိုင်ဖြိုးပါတီ က နှစ်ဦး၊ ZNP ပါတီ က ၁ ဦး နှင့် NCC ပါတီ က ၁ ဦး စသဖြင့် ဆွေးနွေး သုံးသပ် ခဲ့ပြီး အမည် စာရင်း တင်သွင်းတဲ့ ဝန်ကြီးတွေကို အတည်ပြုခဲ့တာ ဖြစ်တယ်” လို့ လွှတ်တော်နဲ့ နီးစပ်သူ ထံမှ သိရှိရ ပါတယ်။
ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွင်းထန် မှ ပြည်နယ် ဝန်ကြီး အမည် စာရင်း တင်သွင်းတဲ့ ဧပြီလ ၇ ရက်နေ့ တတိယ အကြိမ် ချင်းပြည်နယ် လွှတ်တော်၊ စတုတ္ထ နေ့မှာတော့ ပြည်နယ် ဥပဒေချုပ် အဖြစ် ဦးကပ်တလွန်း ကို လည်းကောင်း၊ ပြည်နယ် စာရင်းစစ်ချုပ် အဖြစ် ဦးမောင်မောင်ခင် ကို လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ဦးမြတ်စံ ကို လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ အဖြစ် ဒေါ်မန်းဟောက်လျန် နှင့် ဦးကျော်သောင်းအောင် တို့ကို လည်းကောင်း လွှတ်တော် မှ အတည်ပြုခဲ့တယ် လို့ ဆက်လက် သိရှိရပါတယ်။

