Headlines

တီးတိန်မြို့နယ် ဒိမ်ပီးကျေးရွာမှာ စစ်သားစုဆောင်းမှု တိမ်းရှောင်ထွက်ပြေးသူ ၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံတင်ရ

မတ်လ ၂၈ ရက်။

မတ်လ ၂၆ ရက်ညက တီးတိန်မြို့နယ်မှာ အခြေပြုပြီး စစ်ရေး လှုပ်ရှားတဲ့ PDF-Zoland တပ်ဖွဲ့မှ စစ်သားစုဆောင်းဖို့ တီးတိန်မြို့နယ် ဒိမ်ပီး ကျေးရွာထဲသို့ ဝင်လာတာကြောင့် တိမ်းရှောင်ပြေးထွက်ရာကနေ ဒိမ်ပီးရွာသား ကိုခမ်ငိုက်ပေါင် (Kham Ngaih Pau) ဟာ ပေါင်ခြံမှာ သွေးကြောပြတ်ရှ ဒဏ်ရာ ရပြီး သွေးထွက်လွန် လက္ခဏာ ဖြစ်လာတာကြောင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ မတ်လ ၂၇ ရက်နေ့မှာ ပို့ဆောင် ကုသ ပေးခဲ့ရတယ်လို့ ဒိမ်ပီးရွာသားများ ထံမှ သိရ ပါတယ်။

“ဒိမ်ပီး(Dimpi) ရွာထဲမှာ PDF-Zoland တွေ ဝင်လာတာက မတ်လ ၂၆ ရက်နေ့ ညနေ ၇ နာရီ ခန့်လောက် ဖြစ်လိမ့်မယ်။ အလုပ်သိမ်းပြီးလို့ လူငယ်တွေ ရွာထိပ်မှာ စုပြီး အင်တာနက် အသုံးပြု နေတဲ့ အချိန်ပါ။ စကတ် ကားတစီးနဲ့ ဝင်လာတော့ လူငယ်တွေ လူစုခွဲပြီး ထွက်ပြေး တိမ်းရှောင်ကြတယ်။ ဦး ဇမ်းဇထန် ရဲ့သား ကိုခမ်ငိုက်ပေါင် က PDF-Zoland တွေ ရွာထဲ ဝင်လာတော့ အိမ်ရှေ့ကနေ ထွက်ပြေးဖို့ အဆင်မပြေတာနဲ့ ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်တာ။ ပေါင်ခြံမှာ ပြတ်ရှ ဒဏ်ရာ တချက် ရသွားတယ်။ သွေးက မတိတ်တော့ဘူး။ ခန္ဓာကိုယ် ပြာနှမ်းလာတော့ မတ် ၂၇ ရက်နေ့မှာ တီးတိန်မြို့ ပြည်သူ့ ဆေးရုံကိ ပို့လိုက် ရတယ်” လို့ ဒိမ်ပီး ရွာသား တဦး ထံမှ သိရ ပါတယ်။

ဒဏ်ရာ ရရှိသူ ကိုခမ်ငိုက်ပေါင် ဟာ အသက် ၂၆ နှစ် ရှိနေပြီ ဖြစ်ကြောင်း၊ ဆေးရုံကနေ သက်သာတဲ့ လက္ခဏာ မပြသေးတာကြောင့် စိုးရိမ် အဆင့်ကို ကျော်လွှား နိုင်ပြီလို့ မပြောနိုင်သေးကြောင်း၊ မတ်လ ၂၆ နေ့ည မှာ PDF-Zoland တပ်ဖွဲ့ကနေ ဒိမ်ပီး ရွာသား ၆ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ အင်္ဂါနေ့မှာ လိုင်တွီးရွာဘက် ကနေ ဖမ်းသွားတဲ့ ကလေး ၃ ရောက်နဲ့ ပေါင်းရင် PDF-Zoland ကနေ စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်ခံရဲ့ ဒိမ်ပီး ရွာသား ၉ ဦး ရှိပြီ ဖြစ်ကြောင်း အဆိုပါ ရွာသား ထံမှ သိရှိရ ပါတယ်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့၊ မတ်လ ၂၄ ရက်နေ့မှာ ဖမ်းခံရတာက ဦးဂင့်စိန်ရဲ့ သား အပါအဝင် ကလေး ၃ ယောက်ပါ။ သူတို့က နှစ်ခြင်းခရစ်ယာန် နယ် အစည်းအဝေး တက်ဖို့ သူတို့ ကျောင်းတက်ရာ အိုင်ဇာလ်မြို့ကနေ ခဏ ပြန်လာကြတာ။ လိုင်တွီးရွာကို ဖြတ်ပြီး ကျောင်းတက်ဖို့ သွားတဲ့ လမ်းမှာ ဖမ်းသွားကြတာ။ အသက်က ၁၃-၁၄ အရွယ်တွေ ဖြစ်နေတော့ မိဘတွေက အသက်ပြည့်တာလည်း မဟုတ်သေးတော့ မိဘ လက်ကို မှာပဲ ထိန်းသိမ်းခွင့် ပြုပါလို့ တောင်းဆိုခဲ့တယ်။ PDF-Zoland ဘက်ကတော့ အသက်ပြည့်တဲ့ အထိ ကျွန်တော်တို့ ထိန်းသိမ်းပေးပါ့မယ် လို့ ပြန်ကြားခဲ့တယ်” လို့လည်း အဖမ်းခံရတဲ့ ကလေး ၃ ဦးနဲ့ ပတ်သက်ပြီး ရွာသား ဖြစ်သူ မှ ဆက်လက် ပြောကြား သွားပါတယ်။

Zomi Federal Union (ZFU)/ PDF-Zoland က ဇိုဂမ် (Zogam) နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရန်လိုအပ်သည်ဟု မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်၊ လိုင်တွီး (Laaitui) ရွာသား လူငယ် ၁၂ ဦး နှင့် မွီးဇောလ် ရွာသား ၃ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံမှ သိရသည်။

မတ်လ ၂၅ ရက်နေ့ ညနေ ၂ နာရီခန့်မှာ တီးတိန်မြို့နယ် လိုင်တွီးရွာရှိ ရွာသား ၆၀၀ ကျော်က စစ်မှုထမ်းရန် အတွက် PDF-Zoland ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသော မိမိတို့ ရွာသား ၁၂ ဦးကို ပြန်လည် အပ်နှံပေးဖို့ ဆန္ဒဖော်ထုတ် တောင်းဆို သွား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *