
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘ပြည်တွင်းရေးဝင်မစွက်ဖက်ရ’ ဆိုတဲ့ အာဆီယံမူကို ဒိုင်းသဖွယ် အမြဲတမ်း အသုံးချနေတာတွေကို အခုချက်ချင်း ရပ်တန့်သင့်ပါပြီ။ ဘယ်သူမှ တရားဥပဒေရဲ့ အထက်မှာ မရှိသလို၊ အချိန်တန်ရင် မိမိတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူ၊ တာဝန်ခံရမယ့် ဘေးကနေ ဘယ်လိုမူဝါဒနဲ့မှ ဖုံးကွယ်ပြီး ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။”
အရှေ့တီမော (Timor Leste) တရားရုံးမှာ စစ်ကော်မရှင်ကို တရားစွဲဆိုမှုနှင့် မြန်မာ့အရေး နိုင်ငံတကာ တရားစီရင်ရေး အလားအလာများ” အကြောင်းအရာနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Salai Mang Hre Lian နဲ့ Exclusive Interview ပြုလုပ်ထားပါတယ်။
မေး – DonBosco
မေး။ ။ အခုလို တီမောလက်စ်တေ (အရှေ့တီမော) သံရုံးယာယီတာဝန်ခံကို စစ်ကောင်စီက နှင်ထုတ်လိုက်တာဟာ CHRO က တင်သွင်းထားတဲ့ အမှုအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲ၊ ဒီလုပ်ရပ်က အမှုအရှိန်အဟုန်ကို တန့်သွားစေမှာလား၊ ပိုပြီးတော့ရော အားကောင်းလာစေမှာလား။
ဖြေ။ ။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ တီမောလက်စတေး (Timor-Leste) သံရုံးကို မြန်မာစစ်ကောင်စီက နှင်ထုတ်လိုက်တဲ့ လုပ်ရပ်ဟာ အခြေအမြစ် လုံးဝမရှိတဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပါ။ ဒီလုပ်ရပ်ဟာ ဘာကိုဆိုလိုသလဲဆိုရင် ပထမတစ်ချက်အနေနဲ့ စစ်ကောင်စီဟာ သူတို့ကျူးလွန်ထားတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာကို သက်သေပြလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့မှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်ဆိုတာကိုလည်း ဒီလုပ်ရပ်က ထင်ထင်ရှားရှား ဖော်ပြနေသလို၊ သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိချင်ဘူးဆိုတာကိုလည်း တကယ်တမ်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ နိုင်ငံတစ်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာကို တစ်ကမ္ဘာလုံးက ပိုပြီးသတိထားမိအောင် အသိပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလို အသိပေးလိုက်တဲ့အတွက်ကြောင့် တီမောလက်စတေးနိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုဘက်က ရပ်တည်ပေးတဲ့နေရာမှာရော၊ မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိရေးအတွက် တီမောလက်စတေးတရားရုံးရဲ့ ကတိကဝတ် (Commitment) တွေအပေါ်မှာရော ပိုပြီးတော့ အားပေးကူညီမှုတွေ ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့်မလို့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ တီမောလက်စတေး တရားစီရင်ရေးရဲ့ လုပ်ဆောင်ချက်တွေကို တုံ့ဆိုင်းသွားစေမှာ မဟုတ်ပါဘူး။ အဲဒီအစား မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့အတွက် ပိုပြီးတော့တောင် အားကောင်းလာစေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မလို့ အခုလို အခြေအနေမျိုးမှာ တစ်ကမ္ဘာလုံးက ပြည်သူတွေရော၊ အစိုးရတွေကပါ မြန်မာပြည်သူတွေနဲ့အတူ တီမောလက်စတေးနိုင်ငံ တရားရေးဌာနဘက်ကနေ ဝိုင်းဝန်းရပ်တည်ပေးကြဖို့ ဒီကနေတစ်ဆင့် တောင်းဆိုချင်ပါတယ်။
မေး ။ ။ စစ်ကောင်စီဘက်က တီမောလက်စ်တေ (အရှေ့တီမော) ဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်ပြီး ပြည်တွင်းရေးကို စွက်ဖက်တယ်လို့ စွပ်စွဲနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်ကောင်စီကိုယ်တိုင်က အာဆီယံနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက် (အထူးသဖြင့် အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ လူသားချင်းစာနာမှုကိစ္စတွေ) ကို လုံးဝအကောင်အထည်မဖော်ဘဲ ချိုးဖောက်နေတဲ့အပေါ် CHRO အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ အာဆီယံရဲ့ မူဝါဒတွေထဲမှာ အရေးအကြီးဆုံးလို့ ပြောလို့ရတဲ့ အချက်ကတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (5-Point Consensus) ပဲ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံအားလုံးက သဘောတူညီထားကြသလို၊ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့သူ ကိုယ်တိုင်ကလည်း လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ဖြစ်တာကြောင့် ဒါဟာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ယူဆလို့ရပါတယ်။
ဒါပေမဲ့ ဒီ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ ပထမဆုံးအချက်ဖြစ်တဲ့ “အကြမ်းဖက် သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့” ဆိုတဲ့ သဘောတူညီချက်ကိုတောင်မှ စစ်ကော်မရှင်ဟာ လိုက်နာခြင်းမရှိတာကို တွေ့ရပါတယ်။ လိုက်နာရမယ့်အစား ဒီနေ့ ဒီအချိန်အထိ ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေနဲ့ ကျူးလွန်စော်ကားမှုတွေကို နေ့စဉ်နဲ့အမျှ ပိုပြီးတော့တောင် လုပ်ဆောင်နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။
ဒီလို အခြေအနေတွေကို ကြည့်မယ်ဆိုရင် အာဆီယံရဲ့ မူဝါဒတွေဖြစ်တဲ့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ဖို့အတွက် စစ်ကော်မရှင်ရဲ့ သဘောတူညီချက် ပျက်ကွက်မှုတွေကို အာဆီယံနိုင်ငံတွေဘက်က ပိုပြီးတော့ အလေးထား ဆောင်ရွက်ဖို့ လိုပါတယ်။ အရှေ့တီမော (Timor Leste) နိုင်ငံမှာ အာဆီယံရဲ့ မူဝါဒတွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေမှုတွေအပေါ်မှာလည်း အာဆီယံနိုင်ငံတွေအနေနဲ့ ပိုပြီးတော့ အားဖြည့်ပေးမယ်၊ ဝိုင်းဝန်းကူညီပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
မေး။ “အခုအမှုကို နယ်မြေကျော် တရားစီရင်ခွင့် (Universal Jurisdiction) လမ်းကြောင်းကနေ သွားနေတာဖြစ်တဲ့အတွက် သံတမန်ရေးရာ ဆက်ဆံရေး ပျက်ယွင်းသွားတာဟာ ဥပဒေကြောင်းအရ အတားအဆီး ဖြစ်နိုင်ပါသလား၊ CHRO အနေနဲ့ အမှုကို ရှေ့ဆက်နိုင်ဖို့ တီမောလက်စ်တေ (အရှေ့တီမော) က တရားစီရင်ရေးယန္တရားအပေါ် ဘယ်လောက်အထိ ယုံကြည်မှု ရှိပါသလဲ။
ဖြေ ။ Universal Jurisdiction (ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်) ဆိုတာ နိုင်ငံအတော်များများမှာ ရှိကြပါတယ်။ ဒီတရားစီရင်ခွင့်ရဲ့ သဘောသဘာဝက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ တရားစွဲဆိုဖို့အတွက် မဟုတ်ဘဲ၊ နိုင်ငံတစ်နိုင်ငံအတွင်းမှာ စစ်ရာဇဝတ်မှုတွေနဲ့ ပြစ်မှုတွေ ကျူးလွန်ထားသူတွေကို တရားစွဲဆိုနိုင်ဖို့ လမ်းဖွင့်ပေးထားတဲ့ တရားစီရင်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့်မလို့ အခု အရှေ့တီမော (Timor Leste) နိုင်ငံရဲ့ ဥပဒေဘောင်အတွင်းမှာလည်း Universal Jurisdiction ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ CHRO ကိုယ်တိုင်က ဒီစစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုတာဟာ ခိုင်မာတဲ့ လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို တရားစွဲဆိုမှုဟာ အာဆီယံပဋိညာဉ် (ASEAN Charter) ဒါမှမဟုတ် အရှေ့တီမော (Timor Leste) တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း တစ်စုံတစ်ရာ ငြိစွန်းမှုမရှိပါဘူး။
အရှေ့တီမော (Timor Leste) တရားရုံးဟာ လွတ်လပ်တဲ့ တရားစီရင်ရေးဌာနတစ်ခု ဖြစ်တာကြောင့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်ရေးယန္တရားက ဝင်ရောက်စွက်ဖက်လိမ့်မယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။ အဓိကကတော့ အရှေ့တီမော (Timor Leste) နိုင်ငံဟာ တရားမျှတမှုကို လိုလားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သူတို့နိုင်ငံကိုယ်တိုင်လည်း ဒီလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးတာကြောင့် ကျွန်တော်တို့အပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုချက်အပေါ်မှာ သူတို့ရဲ့ တရားစီရင်ရေးဌာနက လေးလေးနက်နက် စဉ်းစားပြီး ဆောင်ရွက်ပေးသွားမယ်လို့ ယုံကြည်ပါတယ်။
အရှေ့တီမော (Timor Leste) တရားစီရင်ရေးဌာနရဲ့ လွတ်လပ်မှုနဲ့ သူတို့ရဲ့ သမိုင်းကြောင်းတွေအရ ကျွန်တော်တို့အပေါ်မှာ ကိုယ်ချင်းစာစိတ်နဲ့ အမှုမှန်ပေါ်ပေါက်အောင် ပိုပြီးတော့ ဆောင်ရွက်ပေးသွားလိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။
မေးခွန်း ။ “ဒီအမှုနဲ့ ပတ်သက်ပြီး တီမောလက်စ်တေ (အရှေ့တီမော) က အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) တွေနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ အခုလို သံတမန်ရေးရာ လမ်းကြောင်းတွေ ပိတ်သွားတဲ့အချိန်မှာ ဒီအရပ်ဘက် ကွန်ရက်တွေကနေတစ်ဆင့် အမှုကို ဘယ်လိုပုံစံနဲ့ တွန်းအားပေး ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ ။ သံတမန်ရေးရာနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ အရပ်ဘက်အဖွဲ့အစည်း (CSO) တွေဟာ အစိုးရတစ်ရပ်ရဲ့ မူဝါဒတွေကို လွှမ်းမိုး (Influence) နိုင်စွမ်းရှိတဲ့အတွက် အလွန်အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ ပါဝင်မှုဟာလည်း အဓိကကျပါတယ်။ အရှေ့တီမော (Timor Leste) ပြည်သူတွေအနေနဲ့လည်း မြန်မာအစိုးရနဲ့ အရှေ့တီမော (Timor Leste) အစိုးရကြားက သံတမန်ရေးရာ ဆက်ဆံရေးကို အလေးအနက် ဂရုစိုက် စောင့်ကြည့်နေကြလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
ကျွန်တော်တို့ အရှေ့တီမော (Timor Leste) နိုင်ငံကို ရောက်တဲ့အခါမှာ CSO ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့ သူတို့ မထင်ထားကြပါဘူး။ CHRO ကနေ စုဆောင်းထားတဲ့ စစ်ကော်မရှင်ရဲ့ နေ့စဉ်နဲ့အမျှ လေကြောင်းကနေ အကြမ်းဖက် သတ်ဖြတ်မှု မှတ်တမ်း (Documentary) တွေကို ပြသတဲ့အခါမှာ သူတို့ဟာ တော်တော်လေး စိတ်မကောင်းဖြစ်ကြပြီး မျက်ရည်တောင် ဝဲခဲ့ကြပါတယ်။
ဒါကြောင့် သူတို့နိုင်ငံမှာ တရားမျှတမှု ရရှိနိုင်ဖို့အတွက် သူတို့ CSO တွေဘက်ကနေ အတတ်နိုင်ဆုံး ရပ်တည်ပေးသွားမယ်လို့ ကတိပေးခဲ့ကြပါတယ်။ သူတို့ရဲ့ အစိုးရတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုက်တွန်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။
CHRO အနေနဲ့ အရှေ့တီမော (Timor Leste) က CSO တွေနဲ့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို၊ အခြား အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေက CSO တွေရဲ့ အခန်းကဏ္ဍဟာလည်း သူတို့အစိုးရတွေရဲ့ မူဝါဒအပေါ် လွှမ်းမိုးမှုရှိတာကြောင့် CSO တွေရဲ့ အခန်းကဏ္ဍနဲ့ ထောက်ခံအားပေးမှုဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အရှေ့တီမော (Timor Leste) နိုင်ငံလိုပဲ တခြားနေရာတွေမှာလည်း CSO တွေနဲ့ ပိုမိုချိတ်ဆက်ပြီး ဆက်လက် ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်
မေး ။ “မြန်မာ့ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့လို အာဆီယံနိုင်ငံတွေ ရှိနေသလို၊ အခု တီမောလက်စ်တေ (အရှေ့တီမော) ရဲ့ ရပ်တည်ချက်ကလည်း ပြတ်သားနေပါတယ်။ ဒီလို အာဆီယံအတွင်း သဘောထားကွဲလွဲမှုတွေက CHRO ရှာဖွေနေတဲ့ တရားမျှတမှုအတွက် ဘယ်လို အခွင့်အလမ်းတွေ ဖြစ်လာနိုင်မလဲ?
ဖြေ ။ ဒါကတော့ တကယ့်ကို အားတက်စရာကောင်းတဲ့ အချက်ပါပဲ။ အာဆီယံနိုင်ငံတချို့က စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေကို တရားမဝင်ဘူးလို့ သတ်မှတ်ပြီး အသိအမှတ်မပြုဖို့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီလိုအချိန်မှာပဲ အရှေ့တီမော (Timor Leste) နိုင်ငံကနေ ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပေးလိုက်တာဟာ ကျွန်တော်တို့အတွက် ပိုပြီးတော့ အားဖြစ်စေပါတယ်။
အာဆီယံဒေသတွင်းမှာ အခုလို ပြတ်ပြတ်သားသား တုံ့ပြန်တဲ့ နိုင်ငံတွေကို ဒီမိုကရေစီနိုင်ငံတွေနဲ့ တရားဥပဒေစိုးမိုးမှု (Rule of Law) ရှိတဲ့ နိုင်ငံတွေလို့ သတ်မှတ်လို့ရပါတယ်။ အခုလို အချိန်ကာလမှာပဲ အရှေ့တီမော (Timor Leste) ကနေ အခြေခံပြီး တရားမျှတမှုအတွက် လမ်းဖွင့်ပေးလိုက်တဲ့အခါမှာ အာဆီယံပဋိညာဉ် (ASEAN Charter) ထဲမှာပါတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး (Regional Stability) က ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာကို တခြားနိုင်ငံတွေ သိရှိသွားအောင် အရှေ့တီမော (Timor Leste) ရဲ့ လုပ်ဆောင်ချက်က အများကြီး အသိပေးရာ ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့်မလို့ မင်းအောင်လှိုင်ရဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (5-Point Consensus) ကို မလိုက်နာတာတွေအပြင်၊ အာဆီယံရဲ့ အနှစ်သာရဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် တခြားနိုင်ငံတွေက မြန်မာနိုင်ငံအရေးမှာ ပိုပြီးတော့ ခိုင်ခိုင်မာမာ ရပ်တည်လာစေဖို့ အရှေ့တီမော (Timor Leste) ရဲ့ လုပ်ရပ်က တွန်းအားဖြစ်စေမှာပါ။ အခု အရှေ့တီမော (Timor Leste) နဲ့ တခြားနိုင်ငံတွေ ပူးပေါင်းပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း ပိုပြီးတော့ အထောက်အကူပြုစေသလို၊ ပိုပြီးတော့လည်း အားကောင်းလာစေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
မေးခွန်း ။ “အခုလို မြန်မာစစ်ကောင်စီက တီမောလက်စ်တေ (အရှေ့တီမော) သံတမန်ကို နှင်ထုတ်တဲ့အထိ တင်းမာလာတဲ့အခါမှာ၊ ပြည်သူအများစုက ဒီအမှုဟာ သံတမန်ရေးရာ အရှုပ်အထွေးတွေနဲ့ နိုင်ငံရေး ဖိအားတွေကြားမှာ တကယ်ပဲ ထိရောက်တဲ့ တရားစီရင်မှုမျိုး ဖြစ်လာနိုင်ပါ့မလား၊ သံတမန်လမ်းကြောင်းတွေ ပိတ်သွားတာကြောင့် အမှုက စာရွက်ပေါ်မှာပဲ တန့်နေမလားဆိုတဲ့ သံသယတွေ ရှိနေကြပါတယ်။ ဒီသံသယတွေအပေါ် CHRO အနေနဲ့ ဘယ်လို တုံ့ပြန်ချင်ပါသလဲ၊ အမှုကနေ တကယ့်လက်တွေ့ကျတဲ့ ရလဒ်ထွက်ပေါ်လာဖို့ ဘယ်လို ခိုင်မာတဲ့ လမ်းကြောင်းတွေ ရှိနေတယ်ဆိုတာကို ရှင်းပြပေးပါဦး။
ဖြေ ။ နိုင်ငံတကာ တရားစီရင်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် Universal Jurisdiction နဲ့ တခြားနိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် တရားစွဲဆိုခံရတဲ့ ပုဂ္ဂိုလ်တွေဟာ အချိန်တစ်ခုအထိ ကြာမြင့်ချင် ကြာနိုင်ပေမဲ့ ဘယ်တော့မှ အပြစ်ဒဏ်ကနေ လွတ်မြောက်သွားတာမျိုး မရှိပါဘူး။ အချိန်တန်ရင် သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အမြဲတမ်း တာဝန်ယူ၊ တာဝန်ခံမှုရှိအောင် အရေးယူ ဆောင်ရွက်တာတွေကို သမိုင်းမှာ အများကြီး တွေ့နိုင်ပါတယ်။
ဒါကြောင့်မလို့ အရှေ့တီမော (Timor Leste) ရဲ့ တရားစီရင်ရေးဌာနကို ကျွန်တော်တို့က အပြည့်အဝ ယုံကြည်ပါတယ်။ တကယ်လို့ ဒီတရားရုံးကနေ စစ်ကော်မရှင် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ကောင်တွေအဖြစ် ကြေညာ သတ်မှတ်လိုက်မယ်ဆိုရင် သူတို့အတွက် နိုင်ငံတကာ ဖမ်းဝရမ်းတွေ ထွက်လာမှာဖြစ်သလို၊ သူတို့ရဲ့ ရပ်တည်မှု လမ်းကြောင်းတွေဟာလည်း တော်တော်လေး ကျဉ်းမြောင်းသွားမှာပါ။
အရပ်စကားနဲ့ ဥပမာပေးရရင် လူ ၄၊ ၅ ယောက်ရှိတဲ့အထဲမှာ တစ်ယောက်က သူခိုး၊ ဓားပြ ဒါမှမဟုတ် လူသတ်သမားလို့ နာမည်တပ်ခံလိုက်ရရင် ဘယ်သူကမှ မပေါင်းချင်ကြတော့သလိုပါပဲ။ ဒီလိုမျိုး နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံရတာဟာ နိုင်ငံတကာ မျက်နှာစာမှာ သူတို့ရဲ့ ပုံရိပ်ကို တော်တော်လေး ထိခိုက်စေမှာပါ။ အထူးသဖြင့် စီးပွားရေးအရသော်လည်းကောင်း၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး လုပ်တဲ့အခါမှာရော ဒီလို ရာဇဝတ်ကောင်လို့ နာမည်တပ်ခံထားရသူတွေနဲ့ ဆက်ဆံဖို့က တော်တော်လေးကို အခက်အခဲ ဖြစ်သွားစေမှာပါ။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ကျားဖြန့် (Cyber Scams) ကိစ္စတွေနဲ့ နာမည်ဆိုးတွေ ထွက်လာတဲ့အခါမှာ ပိတ်ဆို့ အရေးယူမှုတွေ၊ ထိခိုက်မှုတွေ အများကြီး ဖြစ်ပေါ်နေပြီးတော့ ငွေကြေးစီးဆင်းမှု (Financial Flow) တွေမှာလည်း အများကြီး ထိခိုက်လာတာကို တွေ့ရပါတယ်။ ဒါဟာ သူတို့ရဲ့ စီးပွားရေး မိတ်ဖက်တွေအတွက်ပါ အများကြီး ထိခိုက်မှုတွေ ရှိနေတာပါ။
နောက်တစ်ချက်က အာဆီယံနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံတွေဖြစ်လို့ ရှောင်လွှဲလို့မရပါဘူး။ အခုလို နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် နာမည်တပ်ခံလိုက်ရတာနဲ့ သူတို့ရဲ့ သွားလာရေး လမ်းကြောင်းတွေကို အများကြီး ပိတ်ဆို့သွားစေမှာပါ။ ဘယ်နေရာကိုပဲ ခရီးသွားသွား ဖမ်းဝရမ်းတွေကြောင့် မလုံခြုံမှုတွေ ဖြစ်လာမှာဖြစ်သလို၊ ဆေးဝါးကုသမှု ခံယူတာကအစ အများကြီး အခက်အခဲ ရှိလာမှာပါ။
စစ်ကော်မရှင်အနေနဲ့ အရှေ့တီမော (Timor Leste) နဲ့ သံတမန်ရေးရာ ဖြတ်တောက်တာဟာ သူတို့ရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားတာ ဖြစ်ပေမဲ့ ဒါဟာ သူတို့ဟာ နိုင်ငံတကာ ရာဇဝတ်ကောင်တွေ ဖြစ်တယ်ဆိုတာကို ပိုပြီးတော့ ခိုင်မာစေပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အာဆီယံနိုင်ငံတွေထဲမှာ အရင်လို သက်တောင့်သက်သာ နေနိုင်တော့မှာ မဟုတ်ပါဘူး။ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပုံရိပ်ပိုင်းဆိုင်ရာတွေမှာ အများကြီး ထိခိုက်လာမှာ ဖြစ်သလို၊ အဓိကအချက်ကတော့ ဘယ်သူမှ တရားဥပဒေအထက်မှာ မရှိပါဘူး။ အခုချိန်မှာ တာဝန်ခံမှု မရှိသေးပေမဲ့လည်း နောင် ၁၀ နှစ်၊ အနှစ် ၂၀ ကြာတဲ့အထိ ဒီမှတ်တမ်းတွေနဲ့ ဖြစ်စဉ်တွေက ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ အချိန်တန်ရင်တော့ သူတို့ ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ယူ၊ တာဝန်ခံရမယ့် အချိန်ဟာ အမြဲတမ်း သူတို့နောက်ကို လိုက်နေမှာ ဖြစ်ပါတယ်
မေး ။ CHRO အနေနဲ့ အင်ဒိုနီးရှားမှာလည်း စစ်ကော်မရှင်ရဲ့စစ်ရာဇ၀တ်မှုတွေအတွက် တိုင်တန်းတာတွေလုပ်ခဲ့တယ်။ အခု အရှေ့တီမော ( Timor Leste) မှာတော့ အမှုဖွင့်တာပေါ့။ အရင်ကဟာကကောဘယ်ခရီးရောက်နေတာလဲ။ အခု အရှေ့တီမော (Timor Leste) ရဲ့အမှုနဲ့ဘာကွာသလဲ?
ဖြေ ။ အင်ဒိုနီးရှားနိုင်ငံမှာလည်း Universal Jurisdiction (နိုင်ငံတကာ တရားစီရင်ခွင့်) ရှိပေမဲ့ အဲဒီမှာတော့ ကျွန်တော်တို့ အမှုသွားဖွင့်တာမျိုး မလုပ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံမှာလည်း Universal Jurisdiction ရှိပေမဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံနဲ့ ပြဋ္ဌာန်းဥပဒေတွေအရ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ဖြစ်ပျက်တဲ့ ဖြစ်စဉ်တွေကိုပဲ လက်ခံပေးတာမျိုး တွေ့ရပါတယ်။ အဲဒါကြောင့်မလို့ အင်ဒိုနီးရှားနိုင်ငံက ရှေ့နေတွေကလည်း သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ ပြဋ္ဌာန်းဥပဒေတွေက ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် အခုအချိန်မှာတော့ ဒီ Universal Jurisdiction ကို လမ်းဖွင့်ပေးနိုင်ဖို့အတွက် ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေကြပါတယ်။
အကယ်၍ သူတို့ရဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ပြီး လမ်းဖွင့်ပေးနိုင်ပြီဆိုရင်တော့ အခု အရှေ့တီမော (Timor Leste) နိုင်ငံမှာလိုပဲ ကျွန်တော်တို့ တရားစွဲဆိုလို့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဘက်ကနေ သူတို့ရဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ပေးဖို့အတွက် တင်ပြထားတဲ့ အခြေအနေမျိုးပဲ ရှိပါသေးတယ်။
ဒါပေမဲ့ အရှေ့တီမော (Timor Leste) နိုင်ငံကတော့ သူတို့ရဲ့ တရားစီရင်ရေးဌာနနဲ့ တရားဥပဒေတွေက ရှင်းရှင်းလင်းလင်း ရှိပြီးသားဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေကို သူတို့ရဲ့ တရားစီရင်ရေးဌာနမှာ တရားစွဲဆိုနိုင်ခွင့်ရှိကြောင်းကိုလည်း တိတိကျကျ ဖော်ပြထားပါတယ်။ တခြား ဥပဒေတွေကလည်း တားဆီးပိတ်ပင်ထားတာမျိုး မရှိတဲ့အတွက်ကြောင့် အရှေ့တီမော (Timor Leste) နိုင်ငံမှာတော့ ကျွန်တော်တို့ တိုက်ရိုက် တရားစွဲဆိုမှုတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း အရှေ့တီမော (Timor Leste) တရားရုံးက ကျွန်တော်တို့ရဲ့ အမှုကို လက်ခံပေးလိုက်ပြီ ဖြစ်တဲ့အပြင်၊ အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့အတွက်လည်း အမှုကို ကိုင်တွယ်မယ့်သူတွေကိုပါ ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
မေး ။ ။ အခုလို အရှေ့တီမော (Timor Leste) တရားရုံးက အမှုကို လက်ခံလိုက်ပြီဆိုတော့ ရှေ့ဆက်ပြီး ကြားနာစစ်ဆေးမှုတွေ လုပ်တော့မယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားစွဲခံရတဲ့ စစ်ကော်မရှင်ဘက်က ပုဂ္ဂိုလ်တွေဟာ တရားရုံးကို လာရောက်ဖြေရှင်းဖို့ဆိုတာ မသေချာတဲ့ အခြေအနေမှာ၊ သူတို့မရှိဘဲနဲ့ ဒီအမှုကို ဘယ်လိုသက်သေတွေနဲ့ ဆက်ပြီး ခိုင်ခိုင်မာမာ တည်ဆောက်သွားမလဲဆိုတာရယ်၊ နောက်ပြီး အရှေ့တီမော (Timor Leste) ဟာ ICC အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့် ဒီစီရင်ချက်တွေဟာ နိုင်ငံတကာအဆင့်အထိ ဘယ်လောက်ထိ သက်ရောက်မှု ရှိလာနိုင်မလဲဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ အရှေ့တီမော (Timor Leste) ရဲ့ တရားစီရင်ရေးဌာနက ဘယ်လိုသွားမလဲဆိုတာကို ကျွန်တော် တိတိကျကျ ပြောပြခဲ့ပါတယ်။ အခု ကျွန်တော်တို့ တင်သွင်းထားတဲ့ အမှုကို သူတို့ လက်ခံလိုက်ပြီးတော့ ကြားနာမှုတွေ စတင် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ တရားစွဲဆိုထားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တရားရုံးကနေ ဆင့်ခေါ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဆင့်ခေါ်ရင်လည်း သူတို့ဘက်က တရားရုံးကို လာရောက်ပြီး ထွက်ဆိုချက်တွေ ပေးမှာ မဟုတ်တာကတော့ အသေအချာပါပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂကနေ လုပ်ဆောင်ပေးထားတဲ့ ယန္တရားတစ်ခု ရှိပါတယ်။ ဒါကတော့ IIMM (Independent Investigative Mechanism for Myanmar) လို့ ခေါ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သက်သေအထောက်အထားတွေ စုဆောင်းထားရှိတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တရားစွဲဆိုထားတဲ့သူတွေက တရားရုံးမှာ လာရောက်ပြီး မထွက်ဆိုဘူးဆိုရင်လည်း ဒီ IIMM ကနေ စုဆောင်းထားတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို အရှေ့တီမော (Timor Leste) တရားရုံးကနေ တောင်းဆိုပြီး အဲဒီအချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ စီရင်ချက် (Verdict) ချမှတ်နိုင်ဖို့ ကျွန်တော်တို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားစွဲခံရသူတွေ တရားရုံးကို လာရောက်ခြင်း ရှိ၊ မရှိ ဆိုတာနဲ့ မဆိုင်တော့ဘဲ အမှုကို ဆက်လက် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ အမြင်အရတော့ အရှေ့တီမော (Timor Leste) တရားရုံးကနေ အခုလို အမှုတွေကို စီရင်ချက် ချမှတ်နိုင်ဖို့ လုပ်ဆောင်တဲ့ နေရာမှာ ကျွန်တော်တို့ကိုလည်း ဆင့်ခေါ်တာမျိုး ရှိနိုင်သလို၊ IIMM ကနေ သက်သေအထောက်အထားတွေ တောင်းဆိုပြီးတော့လည်း စီရင်ချက်တွေ ချမှတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်တစ်ခုကတော့ အရှေ့တီမော (Timor Leste) နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့်မလို့ သူတို့ရဲ့ တရားစွဲဆိုမှုတွေကနေတစ်ဆင့် နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် စီရင်ချက်ချမှတ်ခံရသူတွေကို ICC အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေလည်း ရှိလာနိုင်ပါတယ်။ ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ဒီလို တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်တွေမှာ စိတ်အားထက်သန်စွာနဲ့ ပူးပေါင်းပါဝင်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
ကျွန်တော်တို့ရဲ့ ဒီလို ကြိုးပမ်းဆောင်ရွက်မှုတွေဟာ အရှေ့တီမော (Timor Leste) နိုင်ငံတစ်ခုတည်းမှာတင် မဟုတ်ဘဲ တခြားသော နိုင်ငံတကာ အသိုက်အဝန်းတွေနဲ့ပါ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိနိုင်အောင် အဖက်ဖက်ကနေ ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မေးခွန်း။ အခုလို အရှေ့တီမော (Timor Leste) တရားရုံးမှာ တရားစွဲဆိုတာတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် တရားမျှတမှုအတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာနဲ့၊ စစ်ကော်မရှင်ဘက်က အမြဲပြောလေ့ရှိတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးဆိုတဲ့အပေါ်မှာရော ဘယ်လို သဘောထားရှိသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။
အဖြေ ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ CHRO ကရော၊ တရားမျှတမှုကို ရှာဖွေနေကြတဲ့သူတွေကရော ပြောချင်တာကတော့ ကျွန်တော်တို့ရဲ့ ချင်းလူထုနဲ့ မြန်မာတစ်နိုင်ငံလုံးက လူထုတွေ၊ မိသားစုဝင်တွေဟာ နေ့စဉ်နဲ့အမျှ အသက်သေဆုံးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ အဲဒီလို ခံစားနေရတဲ့သူတွေအတွက် ဘာမှလုပ်မပေးဘဲ နေလို့မရပါဘူး။ အသက်ရှင်ကျန်ရစ်တဲ့ ကျွန်တော်တို့မှာ သူတို့အတွက် တရားမျှတမှု ရှာဖွေပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကလေးသူငယ်တွေရော၊ သက်ကြီးရွယ်အိုတွေပါမကျန် အသတ်ခံနေရတဲ့သူတွေအတွက် အမြဲတမ်း ကိုယ်စားပြုပြီး တရားမျှတမှုရအောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်ဆန္ဒကို အမြဲတမ်း သတိမူစေချင်ပါတယ်။
နောက်တစ်ခုက စစ်ကော်မရှင်က အမြဲတမ်း ပြောနေတာရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်၊ အဲဒီလိုဖြေရှင်းမှ ငြိမ်းချမ်းရေးရမယ်ဆိုတာမျိုးပါ။ သူတို့ရဲ့ ဆိုလိုရင်းကတော့ နိုင်ငံရေးအရ ပြေလည်သွားရင် သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေဟာ အလိုလို ပျောက်ကွယ်သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း ကြိုးစားနေတာပါ။ ဒါကို ကျွန်တော်တို့က အထူးသတိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ ကျူးလွန်ခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် နောက်နောင်မှာ ဘယ်သူဖြစ်ဖြစ် တာဝန်ယူ၊ တာဝန်ခံမှု ရှိရပါမယ်။
အခု ကျွန်တော်တို့ရဲ့ ကာလမှာ တရားမျှတမှု မဖော်ဆောင်နိုင်သေးရင်တောင်မှ နောင်လာမယ့်သူတွေက ကျူးလွန်ခံရသူတွေအတွက် ကိုယ်စားပြုပြီး တရားမျှတမှုကို ဆက်လက်ရှာဖွေပေးဖို့ လိုအပ်ပါတယ်။ ဒီလို ရာဇဝတ်မှုမျိုးတွေကို ဘယ်နေရာမှာမှ ဖုံးကွယ်ထားလို့မရသလို၊ အချိန်ကြာသွားလို့ မေ့ပျောက်သွားတာမျိုးလည်း မရှိစေရပါဘူး။ ဒါကြောင့် အားလုံးက တရားမျှတမှုအတွက် တိုက်ပွဲဝင်ရမယ့် တာဝန်ရှိတယ်ဆိုတာကို နောက်ဆုံးအနေနဲ့ ပြောကြားလိုပါတယ်။

