
ဖေဖော်ဝါရီလ ၂၃ ရက်။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေဖြင့် စစ်မှုထမ်းဖို့ကန့်သတ်အရွယ်ရှိလူငယ်များရဲ့ မိသားစုဝင်တစ်ဦးဦးဟာ စစ်မှုမထမ်းလိုပါက ချင်းပြည် ( Chinland) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေအရ တွန်းဇံမြို့နယ်ကနေ နယ်နှင်ဒဏ်ပေးမယ်လို့ တွန်းဇံမြို့ကိုထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
CDF – တွန်းဇံဇိုတပ်ဖွဲ့နဲ့ CC(Chinland Council) တပ်ပေါင်းစုအတွက် တပ်သားစုဆောင်းခြင်း အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ပြီး တွန်းဇံမြို့နယ်အတွင်းရှိ အမျိုးသားဆိုလျှင် အသက် ၁၆ နှစ်ကနေ ၃၅ နှစ် အကြား ၊ အမျိုးသမီးဆိုရင် ၁၆ နှစ်ကနေ ၂၅ နှစ်ရှိသူတွေ ကို တွန်းဇံမြို့နယ်အတွင်းကနေ ခရီးထွက်ခွာခွင့်ပြုမှာ မဟုတ်တော့တဲ့ အကြောင်းကိုလည်း တွန်းဇံမြို့နယ်ကောင်စီက ထုတ်ပြန်ထားတာတွေ့ရပါတယ်။
တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်တွေအပြင် တွန်းဇံမြို့နယ်အတွင်းကို ရောက်ရှိနေတဲ့ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အရွယ်ရှိသူတွေကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစလို့ တပ်သားသစ် စုဆောင်းတော့မှာဖြစ်တဲ့ကြောင်းကိုလည်း တွန်းဇံမြို့နယ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ CC တပ်ပေါင်းစုနဲ့ ချင်းညီနောင်(CB)တပ်ပေါင်းစုတို့ရဲ့ သိမ်းပိုက်ရရှိထားတဲ့ ဘိုးဘွားပိုင်မြေ ချင်းပြည်နယ်ရှိ လွတ်မြောက်နယ်မြေတွေကို ပြန်လည်ရရှိရေးအတွက် စစ်မှုမထမ်းမနေရစနစ်ပြဌာန်းကာ ကလေးမြို့ကတဆင့် စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာပြီး သိုင်းငင်း နှင့် ဝေဘူလ ကနေ ဖလမ်းမြို့အနီးရောက်ရှိလာကြတာတွေကြောင့် ချင်းပြည် ( Chinland) အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ 2026 ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ပြုလုပ်တဲ့ Defense Coordination Team (DCT) အစည်းအဝေး ဆုံးဖြတ်ချက်အရ တွန်းဇံမြို့နယ်ကောင်စီ၏ တာဝန်ခံကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ CDF – တွန်းဇံဇိုတပ်ဖွဲ့ဟာ တွန်းဇံမြို့နယ်ကောင်စီကော်မတီများ ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစလို့ တွန်းဇံမြို့နယ်အတွင်းရှိ လူငယ်တွေနဲ့ တွန်းဇံမြို့နယ်အတွင်းသို့ ရောက်ရှိလာတဲ့ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အကြား ရှိ လူငယ်တွေကို CDF – တွန်းဇံတပ်ဖွဲ့နဲ့ CC တပ်ပေါင်းစုအတွက် တပ်သားစုဆောင်းမှာဖြစ်တယ်လို့ တွန်းဇံမြို့နယ်ကောင်စီက မနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တွန်းဇံမြို့နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေနဲ့ ပြင်ပကနေ ရောက်ရှိလာတဲ့ ပြည်သူတွေအနေဖြင့် ထုတ်ပြန်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်လိုက်နာရမယ်လို့လည်း သတိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။
တွန်းဇံမြို့ကို CDF – တွန်းဇံ အပါအဝင် Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီး မြို့ရဲ့ အုပ်ချုပ်ရေးတွေကိုလည်း Chinland Council နဲ့ CDF – တွန်းဇံ က ပူးတွဲလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

