Headlines

မတ်လမှာ ကျင်းပမယ့် ချင်းပြည်နယ်လွှတ်တော်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးအမည်စာရင်း ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၂ ရက်။

မတ်လမှာ ကျင်းပမယ့်ချင်းပြည်နယ်လွှတ်တော်အပါအဝင်တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၂၀၁) ဦး ၏ အမည်စာရင်းများကို အာဏာသိမ်းစစ်ကော်မရှင်ခန့် ပြည်​ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ချင်းပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရသူအကုန်ယူစနစ်/အချိုးကျကိုယ်စားပြုစနစ်နဲ့ အနိုင်ရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၄ ယောက်နဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁ ယောက် တို့ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လာမယ့်မတ်လမှာ လွှတ်တော် ခေါ်ယူပြီးအနိုင်ရတဲ့ပါတီကိုအာဏာလွဲပြောင်း ပေးမယ်လို့ ပြောထားပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပတဲ့ ၂၀၂၅ ပါတီစုံ ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက် နဲ့တပ်မတော်သားကိုယ်စားလှယ် ၄ ယောက် တို့ပါဝင်တဲ့ချင်းပြည်နယ်လွှတ်တော်ကို မတ်လအတွင်းမှာကျင်းပမှာဖြစ်ပါတယ်။

တပ်မတော်သား ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၇) ရက်နေ့ကအသိပေးထုတ်ပြန်ထားပြီး ဖြစ်ပြီး အမျိုးသားလွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅၆) ဦး အမည်စာရင်းကိုလည်း ဖေဖေါ်ဝါရီ (၈)ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *