
ဖေဖော်ဝါရီလ ၁၀ ရက်။
အာရက္ခတပ်တော် (ULA/AA) ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာလက်နက်ကိုင် ( MTC / MDF) တွေ့ဆုံမှုမှာမဟာမိတ်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ ဖော်ရွေမှုတွေပြသပေးတဲ့ ULA / AA ကို လေးစား ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ ပိုမိုခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားလိုတယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC / MDF) က ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
MTC / MDF ရဲ့ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဌာနက “ ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA / AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့် နားလည်မှုများအပေါ် အခြေခံကာ ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားလိုပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်တဲ့ မရာလက်နက်ကိုင်တပ်ဖွဲ့ MTC / MDF တပ်ဖွဲ့ဟာ အာရက္ခတပ်တော် ULA / AA နဲ့ ထိန်းချုပ်နယ်မြေတွေ အနီးစပ်ဆုံးမှာ တည်ရှိတဲ့ ချင်းလက်နက်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အာရက္ခတပ်တော် ULA / AA နဲ့ စစ်ရေးအရရော မဟာမိတ်ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
နယ်မြေပထဝီအနေအထားအရရော အာရက္ခတပ်တော် ( ULA / AA) နဲ့ နီးစပ်မှုရှိတဲ့ မရာဒေသက မရာခေါင်းဆောင်တွေဟာ ၂၀၁၇ ခုနှစ်လောက်ကစလို့ AA ခေါင်းဆောင်တွေနဲ့ ရင်းနှီးမှု တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။

