Headlines

ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၃ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး – သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲအကြား ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲဘက်က ဗိုလ်မှူးအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၃၀ ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သလို လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ Chin World Media ကို စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းမြောက်က ဗိုလ်မှူးအပါအဝင် အယောက် ၃၀ လောက်သေဆုံးတယ်လို ဒဏ်ရာရတာကလည်း ၂၀ ကျော်လောက် ဒဏ်ရာရသလို လက်နက် သိမ်းဆည်းမှုတွေလည်း အများအပြားရကြတယ်လို သတင်းပိုပါတယ်” လို့ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ ထိတွေ့တိုက်ပွဲအတွင်း ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲတွေဘက်က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အမြောက်များ ပုံတွေလည်း လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO / CNDF) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ မနက်ကနေ ထိတွေ့မှုကရှိတယ်ထင်ပါတယ် အသေးစိတ်အခြေအနေတွေတော့ မသိရသေးပေမယ့် စစ်ကော်မရှင်ဘက်က အယောက် ၃၀ ဝန်းကျင် သေဆုံးတယ်လို့ ကျနော်တို့လည်း သတင်းကြားထားတာပေါ့” လိုပြောပါတယ်။

ဖလမ်းမြိုကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကော်မရှင်တပ်ဖွဲက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းကတည်းကနေ သိုင်းငင်း – ဖလမ်း နဲ့ ဝေဘူလ – ဖလမ်း လမ်းကြောင်းတွေကနေ အင်အား ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလ ၃ လအတွင်း စစ်ကော်မရှင်ဘက်က အထိခိုက်အကျအဆုံးများခဲ့ပြီး တိယအကြိမ် ကလေး – သိုင်းငင်းလမ်းကြောင်းကနေဘဲ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အင်အား ၃၀၀ ဝန်းကျင် စစ်အင်အား ဖြည့်တင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *