Headlines

တီးတိန်မြို့နယ်မှာ မျောက်ငိုသီးတက်ခူးသူ ၁ ဦး အပင်ပေါ်မှ ပြုတ်ကျ သေဆုံး

ဒီဇင်ဘာလ ၁၆ ရက်။

တီးတိန်မြို့နယ် ဆွောင်းဆန် ကျေးရွာနေ အသက် ၄၅ နှစ် အရွယ် ဦးကပ်လမ်ခုပ် ဟာ မနေ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကမျောက်ငိုသီးခူးရင်း အပင်ပေါ်ကနေ ပြုတ်ကျတဲ့ ဒဏ်ရာကြောင့် ဒီနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ သေဆုံးသွားခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရ ပါတယ်။

“ကိုကပ်လမ်ခုပ် အပင်ပေါ်ကနေ ပြုတ်ကျတာ ကတော့ မနေ့က ပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ပေါ့။ ငါလ်ဘွာလ်ရွာကို မျောက်ငိုသီး ခူးဖို့ ဆွောင်းဆန်ရွာကနေ အဖွဲ့လိုက် သွားခဲ့ကြတယ်။ သူက အပင်ရဲ့ အဖျားပိုင်း ထိ တက်ပြီး သွားခူးရင်း ကနေ ပြုတ်ကျသွားတာ။ အစမှာတော့ ဘာမှ မဖြစ်ဘူး။ လူလည်း လန်းလန်းဆန်းဆန်း ပါပဲ။ အဲတာနဲ့ ရွာကို ပြန်သွားကြတယ်။ ဆွောင်းဆန်ရွာ ရောက်မှ စနာတာ” လို့ ဒေသခံ တဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်မှာ ကို ကပ်လမ်ခုပ်ဟာ မသက်သာလာဘဲ ပိုမို နာကျင်လာတဲ့ အတွက်ကြောင့် ရွာသားတွေက တီးတိန်မြို့ ရှိ ပြည်သူ့ ဆေးရုံသို့ ဆိုင်ကယ်နဲ့ ပို့ဆောင်ပေးခဲ့ကြောင်း၊ တုန်းဇံရွာ မရောက်ခင် လမ်းတဝက် ကနေ ဆိုင်ကယ် မစီးနိုင်တော့တဲ့ အတွက် တုန်းဇံရွာ ZYA အသင်း ရဲ့ လူမှုရေးယာဉ် ကို အကူအညီ တောင်းခဲ့သော်လည်း ကားရောက်လာတဲ့ အချိန်မှာ လူနာဟာ အသက်ထွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းကား နဲ့ပဲ ဆွောင်းဇန်ရွာသို့ အလောင်းကို ပို့ဆောင်ခဲ့ရကြောင်း ဒေသခံရဲ့ ပြောကြားချက် အရ သိရှိရ ပါတယ်။

သေဆုံးသူ ကို ကပ်လမ်ခုပ်ရဲ့ ဈာပနကိုတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့ခင်း ၂ နာရီ မှာ ဆွောင်းဆန်ရွာ ရှိ နေအိမ်မှာ ပြုလုပ်ကာ ခရစ်ယာန် ထုံးစံအတိုင်း မြေမြှုပ် သဂြိုလ်သွားမယ်လို့ လည်း ထပ်မံ သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *